Connect with us

Politics, Law & Military

ရေကြောင်း သွားလာရေး အထောက်အကူပြုနိုင်ရန် Nansha ကျွန်းပေါ်တွင် ၅ ခုမြောက် မီးပြတိုက် တည်ဆောက်နေ

တောင်တရုတ်ပင်လယ် အတွင်းရှိ တရုတ်နိုင်ငံ၏ မီးပြတိုက် တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဇူး ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ် အတွင်းရှိ ကျောက်တန်းများပေါ်၌ မီးပြတိုက် ၄ ခု တည်ဆောက် ပြီးစီးသွားပြီ ဖြစ်ကြောင်းနှင့် ယင်းဒေသအတွင်း ရေကြောင်း သွားလာရေး အထောက်အကူပြုနိုင်ရန် ၅ ခုမြောက် မီးပြတိုက် တစ်ခုကို ဆက်လက် တည်ဆောက်နေကြောင်း တရုတ်နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာနက ဇူလိုင်လ ၁ဝ ရက်တွင် တရားဝင် အတည်ပြု ပြောကြားသည်။

လက်ရှိတွင် Huayang ကျောက်တန်း ၊ Chigua ကျောက်တန်း ၊ Zhubi ကျောက်တန်း နှင့် Yongshu ကျောက်တန်းများပေါ်၌ မီးပြတိုက် တစ်ခုစီကို အသီးသီး တည်ဆောက်ခဲ့ပြီ ဖြစ်ကြောင်း နှင့် ၎င်းရေပိုင်နက်တွင် သင်္ဘောများ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရေးကို သိသာထင်ရှားစွာ အထောက်အကူ ပြုနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပင်လယ်ရေကြောင်းရေးရာ ဌာနမှ Xu Ruqing က ပြောကြားသည်။
Nansha ကျွန်းများရှိ Meiji ကျောက်တန်းပေါ်၌ တည်ဆောက်နေသော ပဉ္စမမြောက် မီးပြတိုက်၏ အဓိက အစိတ်အပိုင်းများမှာ ပြီးစီးသွားပြီ ဖြစ်ကြောင်းနှင့် နောက်ဆက်တွဲ သတင်းအချက်အလက်များကို ရေကြောင်း သွားလာရေးဌာနမှ ထုတ်ပြန်ပေးသွားရန်ရှိကြောင်း Xu က ဆက်ပြောသည်။
အဆိုပါ မီးပြတိုက် ၅ ခု စလုံးမှာ အရွယ်အစား ကြီးမားကြောင်း နှင့် အမြင့် ၅ဝ မီတာ မှ ၅၅ မီတာထိ ရှိပြီး ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနိုင်ကြောင်း သိရသည်။ ၎င်းမီးပြတိုက်များတွင် အသုံးပြုထားသော မီးလုံး အရွယ်အစားသည် အလွန်ကြီးမားပြီး အရပ်လေးမျက်နှာ တစ်ပတ်လှည့် အသုံးပြုနိုင်ကြောင်း နှင့် ၄.၅ မီတာ အကွာအဝေးထိ မီးအလင်းရောင် ထိုးနိုင်ကြောင်း နှင့် အဆိုပါ အဖြူရောင် မီးအလင်းရောင်ကို ရေမိုင် ၂၂ မိုင် အကွာအဝေးမှ ကောင်းစွာ မြင်နိုင်စွမ်းရှိကြောင်း သိရသည်။
မီးပြတိုက် ၅ ခု စလုံးတွင် အလိုအလျောက် ခွဲခြား သတ်မှတ်ပေးသည့် ( AIS ) စနစ်များ တပ်ဆင်ထားကြောင်းနှင့် အလွန်မြန်ဆန်သော ကြိမ်နှုန်းပြ (VHF) ထိန်းချုပ်စခန်း သည် သင်္ဘောများ နှင့် မီးပြတိုက်အကြား အကူအညီ တောင်းခံမှုများ နှင့် သတိပေးမှုများ စသည့် ရေကြောင်းဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရေး အထောက်အကူ ပြုနိုင်ရန် ရေဒီယိုအချက်ပြ မီးများကို လုပ်ဆောင်ပေးနိုင်ကြောင်း သိရသည်။
၎င်းမီးပြတိုက်များသည် နိုင်ငံတကာ ရေကြောင်းသွားလာရေးတွင် ပင်လယ်တွင်း ရှာဖွေရေး လုပ်ငန်းများ ၊ ကယ်ဆယ်ရေး လုပ်ငန်းများ ၊ ရေကြောင်း လုံခြုံရေးလုပ်ငန်းများ ၊ ငါးဖမ်းလုပ်ငန်းများ ၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် အခြား ဝန်ဆောင်မှုများတွင် အကူအညီပေးနိုင်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုတစ်ရပ် ဖြစ်ကြောင်း Xu က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.