Connect with us

Politics, Law & Military

WHOမှ နုတ်ထွက်ခြင်းသည် အမေရိကန်၏ တစ်ဖက်သတ် တစ်ကိုယ်ကောင်းဝါဒကျင့်သုံးမှု နောက်ထပ် သက်သေသာဓကတစ်ခု ဖြစ်ဟု ဆို 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဇူလိုင် ၈ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

WHOမှ အမေရိကန်နုတ်ထွက်ရန် ဆောင်ရွက်ခြင်းသည် ၎င်း၏ တစ်ဖက်သတ် တစ်ကိုယ်ကောင်းဝါဒကျင့်သုံးခြင်းနှင့် ကတိဖျက်နုတ်ထွက်ခြင်း၏ နောက်ထပ် သက်သေတစ်ခုဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ထမ်းဆောင်သင့်သည် နိုင်ငံတကာတာဝန်နှင့်ဝတ္တရားများကို ဆောင်ရွက်ကာ နိုင်ငံကြီးတစ်နိုင်ငံရှိသင့်သည့် တာဝန်ယူမှုတာဝန်ခံမှုကို ပြသရန် တိုက်တွန်းကြောင်း   တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၈ ရက် တွင်ပြောကြားခဲ့သည်။ 

ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးလုံခြုံမှုကဏ္ဍ ဩဇာအရှိဆုံးနှင့်ကျွမ်းကျင်မှုအရှိဆုံး နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့် WHOသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာတွင် မရှိမဖြစ် ညှိနှိုင်းဆောင်ရွက်ရသည့် အဓိကပင်မ ဖြစ်ကြောင်း ၊ လက်ရှိ နိုင်ငံတကာ ကပ်ရောဂါ အခြေအနေသည် အရေးကြီးအပိုင်းအခြားကို ရောက်ရှိနေရာ WHO ကို အားပေးထောက်ခံခြင်းသည် နိုင်ငံတကာ ကပ်ရောဂါ ပူးပေါင်းဆောင်ရွက်မှုကို အားပေးထောက်ခံခြင်း၊ အသက်များကို ကယ်ဆယ်ရန် ထောက်ခံခြင်းဖြစ်သည်မှာ နိုင်ငံတကာအသိုက်အဝန်း အများ၏တူညီသည့် သဘောထားဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံ၏ လုပ်ဆောင်မှုသည် နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးကြိုးပမ်းမှုကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတကာ၏ထောက်ပံ့အားပေးမှုကို အရေးပေါ်လိုအပ်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆိုးဝါးသည့် အနုတ်လက္ခဏာသက်ရောက်မှု ဖြစ်စေကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ 

အမေရိကန်သည် လာမည့်နှစ် ဇူလိုင်တွင် WHOမှ နုတ်ထွက်မည်ဖြစ်ကြောင်းကို ဇူလိုင် ၆ ရက်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် ထံသို့ တရားဝင်အကြောင်းကြားထားပြီဖြစ်သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarricက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)