Connect with us

Science & Technology

တရုတ်နိုင်ငံထုတ် ကုန်းရေ နှစ်မျိုးသွားနိုင်သည့် လေယာဉ်အား အောင်မြင်စွာ စမ်းသပ်ပျံသန်း


ဂွမ်ကျိုး ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် ကုန်းရေ နှစ်မျိုး သွားနိုင်သည့် AG600 လေယာဉ်ကို နိုင်ငံတောင်ပိုင်း ကွမ်ဒေါင်း(Guangdong) ပြည်နယ်၌ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။

ခွန်လုံး(Kunlong) ဟု အမည်ဝှက် မှည့်ခေါ်ထားသည့် AG600 လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၉ မိနစ်တွင် ဇူးဟိုင်းမြို့(Zhuhai) ရှိ ဂျင်ဝမ်း(Jinwan) ပြည်သူ့လေကြောင်းပျံသန်းရေးလေဆိပ်မှကောင်းကင်ယံသို့အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့ခြင်းဖြစ်သည်။လေယာဉ်ပျံသန်းချိန်မှာ တစ်နာရီကျော်ကြာမြင့်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ခဲ့သည့် ကုန်းရေ နှစ်မျိုးသွား AG600 လေယာဉ်အား စမ်းသပ်ပျံသန်းနေစဉ်(ဆင်ဟွာ)

“ ကမ္ဘာ့နိုင်ငံပေါင်းအနည်းငယ်ကသာ တီထွင်ထုတ်လုပ်နိုင်တဲ့ ကုန်းရေ နှစ်မျိုးမောင်းနှင်နိုင်သည့် လေယာဉ်ကြီးကို တရုတ်နိုင်ငံက အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါပြီ” ဟု AG600 လေယာဉ် ပုံစံထုတ်အင်ဂျင်နီယာချုပ် Huang Lingcai က ဆိုသည်။၎င်းလေယာဉ်တွင် turboprop အင်ဂျင်များကို သုံးထားကြောင်း၊ လေယာဉ်ကိုယ်ထည်မှာ ၃၉.၆ မီတာ နှင့် တောင်ပံဖြန့်အကျယ်မှာ ၃၈.၈ မီတာ ရှိကြောင်း တရုတ်နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်ရေးကော်ပိုရေးရှင်း(AVIC) က ဆိုသည်။AVIC ၏ ထုတ်ပြန်ချက်အရ ၎င်းလေယာဉ်သည် ဝန်တင်နိုင်မှုအလေးချိန် ၅၃.၅ တန် ၊ တစ်နာရီ ၅ဝဝ ကီလိုမီတာ နှင့် တစ်ကြိမ်လျှင် ကြာချိန် ၁၂ နာရီထိ ပျံသန်းနိုင်စွမ်းရှိကြောင်း သိရသည်။၎င်းလေယာဉ်မှာ ကမ္ဘာ့အကြီးဆုံး ကုန်းရေ နှစ်မျိုးသွားနိုင်သည့် လေယာဉ်ကြီး ဖြစ်ကြောင်းလည်း ယုံကြည်ထားသည်။(Xinhua)