Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် အကွာအဝေး ကီလိုမီတာ ၁၅၅ သန်း သို့ ရောက်ရှိ

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ ဖမ်းယူထားသော ကမ္ဘာနှင့် လ၏ ပုံရိပ်ကို တွေ့ရစဉ် (ဓာတ်ပုံ- China National Space Administration/Handout via Xinhua)

ဖူကျိုး၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် အကွာအဝေး ကီလိုမီတာ ၁၅၅ သန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးခရီး ဒီဇိုင်နာချုပ် Zhang Rongqiao က ပြောခဲ့သည်။

အဆိုပါ စူးစမ်းလေ့လာရေးယာဉ်သည် စက်တင်ဘာ ၁၈ ရက် နံနက် ၈:၃၀ နာရီအထိ ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ ၁၈ သန်းကျော်အကွာအဝေးတွင် အခြေအနေ တည်ငြိမ်လျက်ရှိကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် မြို့တော် ဖူကျိုး၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ အာကာသကွန်ဖရင့်တွင် Zhang က ပြောခဲ့သည်။

ထျန်းဝန်-၁ ယာဉ်သည် ကမ္ဘာနှင့် လ၏ပုံကို အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ကြောင်း၊ ပထမဆုံး ဂြိုဟ်ပတ်လမ်းကြောင်း တည့်မတ်ခြင်းနှင့် ယာဉ်ပေါ်တွင်ပါရှိသော ပစ္စည်းကိရိယာများစွာကိုလည်း ပုံမှန်စစ်ဆေးခြင်းများ ပြီးစီးခဲ့ကြောင်း Zhang က ဖြည့်စွက်ပြောခဲ့သည်။
တရုတ်နိုင်ငံသည် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်ကို ဇူလိုင် ၂၃ ရက်က လွှတ်တင်ခဲ့သည်။ ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်၊ ဂြိုဟ်ပေါ်ဆင်းသက်ယာဉ်နှင့် ဂြိုဟ်ပေါ်သွားယာဉ်တို့ပါဝင်သော အာကာသယာဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အင်္ဂါဂြိုဟ်အနီးသို့ ရောက်ရှိရန် မျှော်မှန်းထားသည်။

ထျန်းဝန်-၁ သည် အင်္ဂါဂြိုဟ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ရောက်ရှိပြီး သုံးလခန့်အကြာ ၂၀၂၁ ခုနှစ် မေလတွင် ဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်မည်ဟု ခန့်မှန်းရသည်။

“အင်္ဂါဂြိုဟ်ရဲ့ ဆွဲအားနယ်ပယ်ကို ရောက်ရှိဖို့နဲ့ ဂြိုဟ်ပေါ်ကို ဆင်းသက်ဖို့က အန္တရာယ်ဖြစ်နိုင်ခြေတွေနဲ့ အဓိကအခက်အခဲတွေအဖြစ် ကျန်ရှိနေပါသေးတယ်” ဟု Zhang က ဆိုသည်။

အင်ဂျင်နီယာအဖွဲ့အနေဖြင့် စူးစမ်းလေ့လာရေးယာဉ်၏ ပျံသန်းမှုထိန်းချုပ်ရေးနှင့် အကြိုပြင်ဆင်ထိန်းသိမ်းခြင်း အစီအစဉ်များကို ကောင်းမွန်စွာဖမ်းယူနိုင်ဆဲဖြစ်ကြောင်း Zhang က ဖြည့်စွက်ပြောခဲ့သည်။  (Xinhua)