Connect with us

Science & Technology

ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု တရုတ် လွှတ်တင်

တရုတ်နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုအား သြဂုတ်လ ၆ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှီးချန်း၊ စီချွမ်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မိုဘိုင်း ဆက်သွယ်ရေးအတွက် ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုအား သြဂုတ်လ ၆ ရက် နံနက် အစောပိုင်း က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တု Tiantong-01 အား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေး စင်တာ၌ ဒေသစံတော်ချိန် နံနက် ၀၀း၂၂ နာရီ အချိန်တွင် ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံ Long March-3B ဖြင့် လွှတ်တင်ခဲ့သည်။

မိုဘိုင်း ဆက်သွယ်ရေး ဂြိုဟ်တုအတွက် တရုတ်နိုင်ငံက ပထမဆုံး ထုတ်လုပ်သည့် ဂြိုဟ်တုဖြစ်ပြီး နိုင်ငံ၏ အာကာသဆိုင်ရာ သတင်းအချက်အလက် အခြေခံ အဆောက်အအုံ၏ အဓိက အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။

ထို့ပြင် မိုဘိုင်း ဆက်သွယ်ရေးအတွက် ဂြိုလ်ပတ်လမ်းအတွင်းသို့ အခြား ဂြိုဟ်တုများ လွှတ်တင်ရန် ရှိသေး ကြောင်း သိရသည်။

Tiantong-01 အား တရုတ်နိုင်ငံ အာကာသ နည်းပညာ တက္ကသိုလ်က ဒီဇိုင်း ရေးဆွဲထားပြီး မြေပြင် လုပ်ငန်း များအား China Telecom က လုပ်ဆောင်မည် ဖြစ်သည်။ Tiantong-01 သည် မြေပြင်မှ အထောက်အပံံ့များ နှင့် ပူးပေါင်းကာ တရုတ်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အခြား ဒေသများအတွက် မိုဘိုင်း ကွန်ရက် တစ်ခု ထူထောင်ကာ ဝန်ဆောင်မှုများပေးမည် ဖြစ်ကြောင်း သိရသည်။

ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံ Long March-3B အား တရုတ်နိုင်ငံ၏ Launch Vehicle Technology တက္ကသိုလ်က ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် Long March-3B ၏ ၃၆ ခုမြောက် ဖြစ်ပြီး Long March စီးရီး သယ်ဆောင်ရေး ဒုံးပျံ၏ ၂၃၂ ကြိမ်မြောက် ပျံသန်းခြင်းလည်း ဖြစ်သည်။ (Xinhua)