Connect with us

Social, Education & Health

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ဆေးရုံအသစ်များသည် အသိအမှတ်ပြုဖွယ် ကြိုးပမ်းအားထုတ်မှုဖြစ်ကြောင်းနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများအား ချီးကျူးကြောင်း WHO ပြောကြား

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော လူနာများအား လက်ခံရန် ဆေးရုံအသစ်များ တည်ဆောက်မှုသည် အသိအမှတ်ပြုလောက်ဖွယ် ကြိုးပမ်းအားထုတ်မှုဖြစ်ကြောင်း၊ ရောဂါရှာဖွေရေးနှင့် စမ်းသပ်မှုများ စသည့် ကြီးမားသော အလုပ်တာဝန် ထမ်းဆောင်နေကြသော ဓာတ်ခွဲခန်း ပညာရှင်များကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ချီးကျူးပြောကြားလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော လူနာများအား ကုသပေးနေသည့် ကုတင် ၁,၀၀၀ ဆံ့ ဟောဆန်ဆန်း (မီးနတ်တောင်) ယာယီဆေးရုံသည် ရောဂါဖြစ်ပွားရာဗဟိုဌာနဖြစ်သည့် ဝူဟန့်တွင် အချိန် ၁၀ ရက်ခန့်အတွင်း တည်ဆောက်မှု ပြီးစီးခဲ့သည်။ ဒုတိယမြောက်ဖြစ်သော ကုတင် ၁,၆၀၀ ဆံ့ဆေးရုံမှာလည်း ယခု တည်ဆောက်နေဆဲဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းအား အချိန်တိုအတွင်း ဆောင်ရွက်နိုင်မှုသည် ပြည်သူ့ကျန်းမာရေးအတွက်သာမကဘဲ ထောက်ပံ့သယ်ပို့လုပ်ငန်း၊ စီမံကိန်းနှင့် ဗိသုကာပညာများတွင်လည်း အသိအမှတ်ပြုလောက်ဖွယ်ဖြစ်ကြောင်း၊ ၎င်းဆေးရုံများမှာ ရောဂါအသင့်အတင့်ရှိသူများနှင့် ရောဂါပြင်းထန်သူများကို ဆေးကုသမှုပေးနိုင်သည့် သေချာသောနေရာတစ်ခု ဖြစ်ပြီး ၎င်းတို့၏ အသိုင်းအဝိုင်းအား ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မည်လည်းဖြစ်ကြောင်း WHO အရေးပေါ် ကျန်းမာရေးအစီအမံ၊ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မိုက်ကယ် ရိုင်ယန် (Michael Ryan) က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

ထို့ပြင် ရိုင်ယန်က ကြီးမားသော အလုပ်တာဝန်အောက်တွင် လုပ်ကိုင်နေကြသည့် ဓာတ်ခွဲခန်းပညာရှင်များနှင့် အခြား ရှေ့တန်းမှ အလုပ်သမားများကိုလည်း လေးစားကြောင်း ပြောကြားခဲ့သည်။ဆေးဝါးကုသမှု စီမံခန့်ခွဲမှု၊  ရောဂါပိုးမွှားဗေဒ၊ ကာကွယ်ဆေး၊ ဆေးဝါးတိုးတက်ပြောင်းလဲမှု၊ ဂေဟဗေဒ စုံစမ်းစစ်ဆေးရေး၊ တိရစာ္ဆန်ကျန်းမာရေး၊ ကပ်ရောဂါဗေဒ၊ ပြည်သူ့ကျန်းမာရေးနှင့် ဆက်သွယ်ရေး အပြန်အလှန် ဖလှယ်ရေး စသည့် နယ်ပယ်များမှ  ကမ္ဘာ့ကျွမ်းကျင်ပညာရှင်များပါဝင်သည့် WHO ညှိနှိုင်းအဖွဲ့တစ်ဖွဲ့လည်း တရုတ်နိုင်ငံသို့ မကြာမီ သွားရောက်မည်ဟု ရိုင်ယန်က ဆိုသည်။ (Xinhua)