Connect with us

MYANMAR

ရန်ကုန်လေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်များ ဒီဇင်ဘာလကုန်ထိ ထပ်မံတိုးမြှင့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယခုနှစ် နှစ်ဆန်းပိုင်းက ခရီးသွားလာနေကြသော ခရီးသွားဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်များကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL) ထံမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ကန့်သတ်ကာလအတွင်း အရေးပါသော ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးခရီးစဉ်များ ပြေးဆွဲပျံသန်းမှုကို ပုံမှန်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပျံသန်းပြေးဆွဲပေးနေသော အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီက သဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှု နှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက် အစိုးရအနေဖြင့် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဒီဇင်ဘာ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေး လေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရန် ဖြစ်ကြောင်း ၊ သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲ ညွှန်ကြားချက်များကို မပျက်မကွက်လိုက်နာကြရမည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)