Connect with us

MYANMAR

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ ဆေးဘက်ဆိုင်ရာ ကုသရေးပစ္စည်းများ လှူဒါန်းပေးအပ် 

တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနသို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်းများလှူဒါန်းပေးအပ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနများထံသို့ ဆေးဘက်ဆိုင်ရာ ကုသရေး ပစ္စည်းများအား ယနေ့ မေ ၅ ရက်တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသန ဦးစီးဌာန၌ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က “တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ One Belt One Road ထိပ်သီးညီလာခံမှာလည်း One Belt One Road အတူတကွ တည်ဆောက်တဲ့ အခါမှာ One Belt One Road တစ်လျှောက် သက်ဆိုင်ရာ နိုင်ငံအကြား လူမှုရေး အဖွဲ့အစည်း အချင်းချင်း ဆက်ဆံမှု ၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒီတစ်ခေါက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းအတွက် ဒီလို အကူအညီ ပေးမှုဟာ အဲဒီ အပိုင်းတစ်ပိုင်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ သက်ဆိုင်ရာ နိုင်ငံ One Belt One Road  အတူတကွ တည်ဆောက်တဲ့ အခါမှာ ပြည်သူလူထု ကျန်းမာရေး လုပ်ငန်းအတွက် ပြည့်ပြည့်စုံစုံ ဆောင်ရွက်နေပါတယ်။”ဟု ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ပညာရေး ဝန်ကြီးဌာနသို့ ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်စဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအများအပြားသို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့သော်လည်း ယခု မြန်မာနိုင်ငံသို့ လှူဒါန်းပေးခြင်းမှာ ပမာဏ အကြီးဆုံး ဖြစ်ကြောင်း ၊ ယင်းမှာ ဖောင်ဒေးရှင်းက တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ၊ မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတို့ကို အလေးထားသည်ကို ဖော်ပြနိုင်ကြောင်း သံအမတ်ကြီး မစ္စတာချန်းဟိုင်က ထည့်သွင်း ပြောကြားခဲ့သည်။ 

လှူဒါန်းပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ Director မစ္စတာ ဝန်တယ်ဆန့်က မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနတို့ထံ တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ တရုတ်ကုမ္ပဏီများက နှာခေါင်းစည်းများ ၊ အကာအကွယ်ဝတ်စုံ (PPE)များ ၊ ကိုယ်ပူချိန်တိုင်းစက်များ စသည့် ဆေးဘက်ဆိုင်ရာ ကုသရေး ပစ္စည်း လှူဒါန်းမှုပမာဏမှာ တန်ဖိုးအားဖြင့် စုစုပေါင်း  တရုတ်ယွမ်ငွေ သိန်း ၅၀ ကျော် ရှိပြီး ယခုလှူဒါန်းမှုပမာဏသည် NGO အဖွဲ့အစည်းထဲတွင် ပမာဏ အကြီးဆုံး လှူဒါန်းမှု ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ Director ဖြစ်သူ မစ္စတာ ဝန်တယ်ဆန့်(Wen Desheng)က တရုတ်-မြန်မာ နှစ်နိုင်ငံသည် အေးအတူ ပူအမျှ အသိုက်အဝန်း ဖြစ်ပြီး အိမ်နီးချင်းကောင်း နိုင်ငံများလည်း ဖြစ်ကြောင်း ၊ ဖောင်ဒေးရှင်းမှာ တရုတ်နိုင်ငံ၏ NGO အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ရောဂါ ခုခံတိုက်ဖျက်သည့် ကာလအတွင်း NGO အဖွဲ့ တစ်ဖွဲ့ အနေဖြင့် တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး တို့နှင့် ပတ်သတ်သည့် စီမံကိန်း အများအပြား ဆောင်ရွက်ခဲ့ပြီး အကျိုးရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ၊ ယခုလှူဒါန်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံအား ကူညီသည့် သဘောပါဝင်သကဲ့သို့ တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်စေရန် ရည်ရွယ်ချက်လည်း ပါဝင်ကြောင်း ၊ နောင်တွင်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ အေးအတူ ၊ ပူအမျှ အသိုက်အဝန်းကို ပို၍ ကောင်းမွန်စွာ တည်ဆောက်သွားရန် မျှော်လင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက “ဒီနေ့ လှူဒါန်းတဲ့ ပစ္စည်းမှာ နှာခေါင်းစည်းတွေ ပါတယ်။ PPE တွေ ပါတယ်။goggle တွေ ပါတယ်။ ဒါတွေ အားလုံးကတော့ COVID-19 ရောဂါ တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အတွက် မရှိမဖြစ် လိုအပ်တာပေါ့။ COVID-19 ရောဂါက အရမ်းကို ကူးစက်တဲ့ ရောဂါဆိုတော့ ဒီဟာတွေကို ကာကွယ်နိုင်ဖို့ ဆိုတာ PPE ဆိုတာ မရှိမဖြစ်ကို လိုအပ်တာပဲ။ဒါကြောင့်မို့လို့ ဒါတွေအားလုံးကို ကာကွယ်နိုင်တဲ့ အခုလို ကာကွယ်ရေး ဝတ်စုံတွေ လှူဒါန်းပေးတာဟာ COVID-19 ရောဂါကို တိုက်ဖျက်တဲ့ နေရာမှာ အလွန် အရေးကြီးတဲ့ ကဏ္ဍကို ဖြည့်ဆည်းပေးတယ်လို့ ပြောချင်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ယခု လှူဒါန်းမှုတွင် တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ တရုတ်ကုမ္ပဏီများ ဖြစ်ကြသည့် Tencent ၊ Fudian ဘဏ် ၊ PENGXIN ကုမ္ပဏီတို့ နှင့် ယူနန်ပြည်နယ်မှ သက်ဆိုင်ရာဌာနတို့ ပါဝင်ကြောင်း သိရသည်။(Xinhua)