Connect with us

MYANMAR

မြန်မာ့တပ်မတော် ဆေးရုံ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်း၌ တရုတ်တပ်မတော်မှ လှူဒါန်းသည့် စက်များ စတင် အသုံးပြုလည်ပတ်

အမှတ် ၁ တပ်မတော်ဆေးရုံရှိ ဓာတ်ခွဲခန်း အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ  ၄ ရက်(ဆင်ဟွာ)

မြန်မာ့ တပ်မတော် ဆေးရုံ ဖြစ်သည့် ရန်ကုန်မြို့ အမှတ် ၁ တပ်မတော်ဆေးရုံရှိ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ လှူဒါန်းသော စက်များ ယနေ့ စတင် အသုံးပြု လည်ပတ်နေပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံ၏ တပ်မှူး  ဗိုလ်မှူးချုပ် မြင့်ဇော်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့သည် အမှတ် ၁ တပ်မတော်ဆေးရုံရှိ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်း တည်ဆောက်မှုတွင် ပါဝင်ကူညီဆောက်ရွက်ပေးခဲ့ပြီး ၎င်းတို့နှင့်အတူတစ်ပါတည်းသယ်ဆောင်လာသည့် စက်ပစ္စည်းများနှင့် အသုံးပြုမည့် ဆက်စပ်ပစ္စည်းများကို စမ်းသပ်ခန်းတွင် တပ်ဆင်စစ်ဆေးခြင်း လမ်းညွှန်ရှင်းပြခြင်းများအား ဧပြီ ၃၀ ရက်တွင် ပြုလုပ်ခဲ့သည်။

အမှတ် ၁ တပ်မတော်ဆေးရုံရှိ ဓာတ်ခွဲခန်း အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

အမှတ် ၁ တပ်မတော်ဆေးရုံရှိ ဓာတ်ခွဲခန်း အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

“ဒီနေ့ကနေ စပြီး စက် run နေပြီ။ နဂိုတုန်းကတော့ စစ်တယ်။ အခုကတော့ တရုတ်နိုင်ငံက လှူလိုက်တဲ့ စက် အဓိက နှစ်မျိုးပေါ့။ လောလောဆယ်တော့ စက်က run နေတုန်းပဲ ရှိသေးတယ်။”ဟု ဗိုလ်မှူးချုပ် မြင့်ဇော်က ပြောကြားခဲ့သည်။

အဆိုပါ အမှတ် ၁ တပ်မတော်ဆေးရုံရှိ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်းတွင် အသုံးပြုရန် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ နှင့် ဆက်စပ်ပစ္စည်းများအား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်ဆေးတက္ကသိုလ်မှ ယနေ့ မေ ၄ ရက်တွင် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံ အစိုးရက မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဆေးကုသရေး ပစ္စည်း များစွာ လှူဒါန်းပေးခဲ့ပြီး တရုတ်နိုင်ငံ အစိုးရမှ ဆေးပညာရှင် အဖွဲ့ကို စေလွှတ်ပေးခဲ့ကြောင်း ၊ မကြာသေးမီကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)က ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း ၊ ယင်းဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ နှင့်အတူ မြန်မာတပ်မတော် လိုအပ်သည့် ဆေးကုသရေး ပစ္စည်းများကိုလည်း ယူဆောင်လာခဲ့ကြောင်း ၊ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာ့တပ်မတော်နှင့် ပူးပေါင်းပြီး ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းကို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ယင်းမှာ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်မှာ ရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ၊ အေးအတူပူအမျှ တရုတ်-မြန်မာ အသိုက်အဝန်း တည်ဆောက်ရေး၏ စိတ်ဓာတ်ကို ပေါ်လွင်နိုင်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး အချိန်တို အတွင်း မြန်မာတပ်မတော် အတွက် ဓာတ်ခွဲခန်းကို ပြီးစီးအောင် တည်ဆောက်ပေးခဲ့ကြောင်း ၊ ယနေ့ အခမ်းအနားအား ကျင်းပပြီးနောက် မြန်မာတပ်မတော်က ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းဘက်၏ စွမ်းရည်ကို ပို၍ မြှင့်တင်ပေးနိုင်သည်ဟု ယူဆပါကြောင်း ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှု အပေါ် လေးစားပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အမှတ် ၁ တပ်မတော်ဆေးရုံ တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

အမှတ် ၁ တပ်မတော်ဆေးရုံ တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုက အကျိုးရှိကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဗိုလ်မှူးချုပ် မြင့်ဇော်က ယခုလို တိုတောင်းလှသည့် ကာလအတွင်း တရုတ်တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့က မြန်မာတပ်မတော် ဆေးရုံများအတွက် ပစ္စည်းအင်အား ၊ လူအင်အား ၊ ကျွမ်းကျင်မှု အကြံဥာဏ်တွေ မျှဝေပေးခဲ့သည်မှာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ဖြစ်ကြောင်း ၊ ရောဂါ ရှာဖွေရေး အတွက် PCR ဓာတ်ခွဲခန်းကို ပြုပြင်မွန်းမံရန် အကြံဥာဏ်ပေးခဲ့ပြီး စက်ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ၊ ဆေးရုံ လူနာဆောင် ၊ fever clinic များတွင်လည်း ဆရာဝန် ၊ သူနာပြုများကို ရောဂါမကူးစက်စေရန် ပြုပြင်ရမည့် အချက်များ ၊ လိုက်နာရမည့် အချက်များကို ဝူဟန့် နှင့် ရှန်ဟိုင်းမြို့များမှ အတွေ့အကြုံများ  အပေါ် မူတည်ပြီး အကြံဥာဏ်ကောင်းများ ပေးခဲ့ကြောင်း ၊ တရုတ်-မြန်မာ ဆေးဘက်ဆိုင်ရာ ပါရဂူများ ပူးပေါင်းပြီး COVID-19 ရောဂါ ရှာဖွေရေး နှင့် ကုသရေး ဆိုင်ရာ စံနှုန်းများ ၊ လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် လက်စွဲစာအုပ် ထုတ်ဝေနိုင်ရန် ကူညီပေးလျက် ရှိကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အမှတ် ၁ တပ်မတော်ဆေးရုံရှိ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်းတွင် အသုံးပြုရန် ယနေ့ လှူဒါန်းမှုတွင် စက်ကိရိယာ ၁၁ မျိုး ၊ Reagent များ နှင့် သုံးကုန်ပစ္စည်း ၁၆ မျိုးတို့ ပါဝင်ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က “လွန်ခဲ့တဲ့၁၀ရက်က နှစ်ဘက်တွေ့ဆုံပြီး သွားရောက်လေ့လာကြည့်ကာ self-protection ကိုယ်ကိုယ့်ကိုယ် ကာကွယ်တဲ့နေရာမှာရော ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လိုကာကွယ်ရမလဲ၊ diagnosis လူနာတွေကို ဘယ်လို ကုသရမလဲ နည်းစနစ်ဗျူဟာတွေကို အဓိကဆွေးနွေးခဲ့ခြင်းဖြစ်တယ်။ နောက်တစ်ခုကတော့ COVID-19 တိုက်ဖျက်ရေးမှာ အရမ်းအရေးကြီးတဲ့  laboratory diagnosis ပေါ့။ အဲဒီအရေးကြီးတဲ့အပိုင်းကိုလည်း သူတို့မှာ ပါလာတဲ့စက်တွေရော techniques တွေနဲ့ရော technicians တွေကရော လာကူညီပေးခဲ့တယ်။ techniques အပိုင်းကို သင်တန်းပေးတယ်။ အခုပါလာတဲ့ စက်အသစ်ကနေတဆင့် ပိုပြီး လျင်မြန်သွက်လက်စွာ effective ဖြစ်တဲ့နည်းစနစ်ကနေတဆင့် ရှာဖွေနိုင်အောင် ကူညီပေးပြီး လုပ်နိုင်ခဲ့တယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ဒီရက်ပိုင်းမှာ အဓိကက တပ်မတော်ဆေးရုံကြီးမှာ ၊ အသည်းအထူးကုဆေးရုံကြီးမှာ ပြီးတော့ fever clinic တွေ အဓိကကတော့ ဆေးကုသတဲ့ဌာနတွေမှာပဲ လေ့လာခဲ့တဲ့အတွက်ကြောင့် ဘယ်လိုကာကွယ်ပြီး ခုခံကုသပေးရမလဲဆိုတဲ့ နည်းဗျူဟာ ပေးခဲ့တယ်။ ဒါပေမဲ့ ဒီရောဂါတစ်ခုလုံးကို ကာကွယ်တိုက်ဖျက်ဖို့ ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာက community ပေါ့။ ပြည်သူတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုက အရမ်းအရေးကြီးပါတယ်။ overall တစ်ခုမြင်တာကြတော့ လက်ရှိ သူရောက်ရှိခဲ့တဲ့ဆေးရုံဆေးခန်းတွေမှာတော့ နည်းစနစ်ကျပါတယ်။ ပစ္စည်းကိရိယာလည်း သင့်တင့်သလောက်တော့ရှိပါတယ်။ ကုသနေတဲ့ကျန်းမာရေးဝန်ထမ်းတွေကလည်း ယုံကြည်မှုအပြည့်ရှိပါတယ်။ပြည်သူလူထုလည်း ဒီရောဂါကို အောင်နိုင်မယ်လို့ ယုံကြည်နေမယ်လို့ သူထင်ပါတယ်။ မြန်မာက ဒါကို တိုက်ဖျက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ပါမောက္ခ Dr. Bai Chong က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့သည် အမှတ် ၁ တပ်မတော်ဆေးရုံရှိ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်း တည်ဆောက်မှုတွင် ပါဝင်ကူညီဆောက်ရွက်ပေးခဲ့ပြီး ၎င်းတို့နှင့်အတူတစ်ပါတည်းသယ်ဆောင်လာသည့် စက်ပစ္စည်းများနှင့် အသုံးပြုမည့် ဆက်စပ်ပစ္စည်းများကို စမ်းသပ်ခန်းတွင် တပ်ဆင်စစ်ဆေးခြင်း လမ်းညွှန်ရှင်းပြခြင်းများအား ဧပြီ ၃၀ ရက်တွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး အထောက်အကူ ဖြစ်နိုင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ သည် ဒုတိယ အသုတ် အဖြစ် ဧပြီ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ နှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)