Connect with us

MYANMAR

မြန်မာဖူဆယ်ကလပ် MIU ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့် နိုင်ငံတကာပြိုင်ပွဲ နှစ်ခုအနက် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲကို ပြန်လည် အတည်ပြု ပေးမည်

မြန်မာဖူဆယ်ကလပ် MIU အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--(MIU ဖူဆယ်ကလပ်)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) 

မြန်မာဖူဆယ်ကလပ် MIU အသင်းသည် ယခုနှစ်အတွင်း  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့်      နိုင်ငံတကာပြိုင်ပွဲ နှစ်ခုအနက် သွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲကို ပြန်လည် အတည်ပြု ပေးသွားမည်ဖြစ်ကြောင်း မြန်မာဖူဆယ်ကလပ် MIU တာဝန်ရှိသူ တစ်ဦးက ယနေ့ မေ ၇ ရက်တွင်ပြောကြားခဲ့သည်။

၎င်းတာဝန်ရှိသူက “MIU အသင်းက  COVID-19 ရောဂါကြောင့် လေ့ကျင့်မှု ရပ်နားထားပေမယ့် ဒီနှစ်အတွင်းယှဉ်ပြိုင်ရမယ့်  နိုင်ငံတကာပြိုင်ပွဲများနဲ့ ပြည်တွင်းပြိုင်ပွဲများအတွက်  ရောဂါအခြေအနေ တွေပေါ်မူတည်ပြီးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ဆင်ဟွာသို့ ပြောသည်။  

MIU အသင်းသည် အာဆီယံ ဖူဆယ် ကလပ်ပြိုင်ပွဲ နှင့်     အာရှဖူဆယ်ကလပ်ပြိုင်ပွဲတို့တွင်                    ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားကြောင်း သိရသည်။

MIU ဖူဆယ်အသင်းသည် ၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် ၂၀၂၀ အာဆီယံ  ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်း ဖြစ်သလို ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင်  ဗိုလ်စွဲခဲ့သောကြောင့် ၂၀၂၀ အာရှကလပ်ဖူဆယ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိထားကြောင်း သိရသည်။

၂၀၂၀ အာဆီယံ ဖူဆယ် ကလပ်ပြိုင်ပွဲကို ထိုင်းနိုင်ငံနှင့် ၂၀၂၀ အာရှ ဖူဆယ်ကလပ် ပြိုင်ပွဲကို ယူအေအီးနိုင်ငံတို့တွင် ကျင်းပမည်ဖြစ်သော်လည်း COVID-19 ရောဂါအခြေအနေကြောင့်   ကျင်းပမည့်ရက် ပြန်လည်အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

MIU ဖူဆယ်အသင်း သည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ၂၀၁၅၊ ၂၀၁၆၊  ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး လေးကြိမ်စလုံး တတိယဆုရရှိခဲ့ကြောင်း၊  အာဆီယံ ဖူဆယ် ကလပ်ပြိုင်ပွဲကို   ၂၀၁၅   ခုနှစ်တွင်  စတင်ကျင်းပခဲ့ပြီး  ငါးကြိမ်ကျင်းပပြီးစီးခဲ့ကာ ၂၀၁၇ ပြိုင်ပွဲတွင် PU အသင်း ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ အာရှကလပ်ပြိုင်ပွဲကိုမူ မြန်မာ ဖူဆယ်ကလပ်အသင်းများအနေဖြင့် ၂၀၁၈ ခုနှစ်မှစတင် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၁၈ နှင့် ၂၀၁၉ နှစ်ကြိမ်စလုံးတွင် MIU အသင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသောကြောင့်  VUC အသင်းက အစားထိုးယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။  (Xinhua)