Connect with us

MYANMAR

COVID-19 စီးပွားရေးကုစားမှုအစီအစဉ်နှင့်အညီ အခွန်သက်သာခွင့်များ ခံစားခွင့်ပြုသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဆိုင်ရာအမိန့် သမ္မတရုံး ထုတ်ပြန် 

ရန်ကုန်မြို့ရှိ မြန်မာ့စက်မှုဆိပ်ကမ်းတွင် ကုန်တင်ချပြုလုပ်နေသော သင်္ဘောတစ်စင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) 

COVID-19  ကြောင့် ထိခိုက်မှု ဖြစ်ပွားခဲ့သည့်လုပ်ငန်းများ၏ စီးပွားရေးသက်ရောက်မှုများအပေါ် “ အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း COVID – 19 စီးပွားရေးကုစားမှုအစီအစဉ် (COVID – 19 Economic Relief Plan) ” နှင့်အညီ  အကောင်အထည်ဖော်ကုစားပေးနိုင်ရေးအတွက် အခွန်သက်သာခွင့်များ ခံစားခွင့်ပြုသည့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ဖြစ်သည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်ကို ယနေ့တွင် နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း COVD – 19 စီးပွားရေးကုစားမှုအစီအစဉ် (COVID – 19 Economic Relief Plan) ၏ ပန်းတိုင် (၂)၊ ရင်းနှီးမြှုပ်နှံမှု ၊ ကုန်သွယ်ရေးနှင့်ဘဏ်လုပ်ငန်း များအား တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်မှုကို ဖြေလျှော့ပေးခြင်း ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် အခွန်သက်သာခွင့်များ ခံစားခွင့်ပြုကြောင်း ဖော်ပြထားသည်။ 

အခွန်သက်သာခွင့်များတွင် (က)၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်အတွင်း ထပ်တိုးပေးချေရသည့်လုပ်ခ၊ လစာ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့် (non-refundable tax credit) အဖြစ် ခံစားခွင့်၊ ( ခ ) ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်အတွင်း ထပ်တိုးပေးချေခဲ့ရသည့်လုပ်ခ၊ လစာစုစုပေါင်းပေးချေမှု၏ ၁၂၅ ရာခိုင်နှုန်းနှင့် ညီမျှသောပမာဏကို အသုံးစရိတ်အဖြစ် ဝင်ငွေမှနုတ်ပယ်ခွင့် ၊ (ဂ) ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်အတွင်း သတ်မှတ် မတည် အပိုင်ပစ္စည်းများ ထပ်တိုးရင်းနှီးမြှုပ်နှံမှုအတွက် တိုးချဲ့သုံးစွဲခဲ့သည့် မတည်ပစ္စည်းတန်ဖိုးစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့် (non – refundable tax credit)အဖြစ် ခံစားခွင့်၊ (ဃ) ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်အတွက် ရရှိမည့် ထပ်တိုးသတ်မှတ် မတည်အပိုင်ပစ္စည်း တန်ဖိုးလျော့စရိတ်၏ ၁၂၅ ရာခိုင်နှုန်းနှင့်ညီမျှသောပမာဏကို တစ်ကြိမ်တည်း တိုးမြှင့်ခံစားခွင့် (one time depreciation) တို့ပါဝင်ကြောင်း သိရသည်။ 

အဆိုပါ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်သည် ၂၀၂၀-၂၀၂၁ စည်းကြပ်နှစ်အတွက် အကျိုးသက်ရောက်စေရမည်ဟု ဖော်ပြထားသည်။ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနသည် အခွန်သက်သာခွင့်များဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ခံစားခွင့်ရှိသည့် စီးပွားရေးလုပ်ငန်းများကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ရမည် ဖြစ်ကြောင်းလည်း  ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)