Connect with us

MYANMAR

ကယ်ဆယ်ရေး/အထူး လေယာဉ်များဖြင့် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော် ပြန်လည်ခေါ်ဆောင် ထားပြီးဖြစ်

မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်လာပေးစဉ်(ဓာတ်ပုံ - MOFA)

 ရန်ကုန် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်လျက် ရှိရာတွင် ဩဂုတ် ၁၂ ရက်ထိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀,၄၈၂ ဦးအား ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

 နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အတွက် မြန်မာသံရုံး၊ ဝါရှင်တန်မြို့နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဒုတိယကြိမ်မြောက် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်အား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြေးဆွဲခဲ့ကြောင်း ၊ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသား (၉၂) ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၁၈) ဦးနှင့် မြန်မာသင်္ဘောသား (၁၅) ဦး၊ စုစုပေါင်း (၁၂၅) ဦး တို့ လိုက်ပါလာခဲ့ပြီး ဩဂုတ် ၁၂ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

 ထိုသို့ လိုက်ပါလာသူများအား လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.