Connect with us

MYANMAR

COVID-19 စိန်ခေါ်မှုများကြား ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေးအတွက် ဆောင်ရွက်ခဲ့သူများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း NLD ထုတ်ပြန်

ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID – 19 ရောဂါ စိန်ခေါ်မှုများအကြားတွင် အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်၍ တရားမျှတရေးအတွက် ပင်ပန်းကြီးစွာ ဆောင်ရွက်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များ နှင့် ဝန်ထမ်းများ ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့ နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် အဓိကဖြစ်သော ပြည်သူလူထု၏ တက်ကြွနိုးကြားစွာ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ဂုဏ်ပြုကြောင်း ၊ မိမိတို့နိုင်ငံ၏ ကံကြမ္မာသည် မိမိတို့လက်ထဲတွင် ရှိသည်ဟူသော ပြည်သူများ၏ တာဝန်သိစိတ်ကြောင့် နိုင်ငံ၏ အနာဂတ်အတွက် လွန်စွာ အားတက်ရပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အလေးအနက် ပြောကြားလိုသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ပါတီစည်းရုံးရေးလုပ်ရာတွင် အထူးအခက်အခဲများကို ကြုံတွေ့ခဲ့ရသော ကိုယ်စားလှယ်လောင်း များနှင့် အောင်နိုင်ရေးကော်မတီများအားလုံး၏ တာဝန်သိစိတ်နှင့် ရဲစွမ်းသတ္တိတို့ကို အလေးထားဂုဏ်ပြုကြောင်း ၊ အထူးသဖြင့် အန္တရာယ်များအကြားက ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး AA အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့အား အထူးချီးမွမ်းဂုဏ်ပြုကြောင်း ၊ ထိုကဲ့သို့ ရွေးကောက်ပွဲစည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်းများကို အန္တရာယ်ပြုခြင်းသည် ဒီမိုကရေစီ၏ ရေသောက်မြစ်ဖြစ်သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်မြောက်ရေးကို အထိနာစေကြောင်း ၊ တောင်ကုတ်ကိုယ်စားလှယ်လောင်းများကို အမြန်ဆုံးပြန်လည်လွှတ်ပေးရေးအတွက် ကြေညာချက်တွင် တောင်းဆိုထားသည်။

ထို့အတူ ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော တိုင်းရင်းသားနိုင်ငံရေးပါတီများကိုလည်း ဂုဏ်ပြုလိုကြောင်း ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ကြောင်း လည်း ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဝမ်းမြောက်ကြောင်း၊ ဂုဏ်ပြုကြောင်း ကြေညာပြောဆိုခဲ့သော အခြားရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာအစိုးရများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ၊ ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ အကျိုးစီးပွားအတွက်သော်လည်းကောင်း၊ နိုင်ငံတကာအကျိုးစီးပွားအတွက်သော်လည်းကောင်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ခင်မင်မှုတို့နှင့် လက်တွဲဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အတည်ပြုထုတ်ပြန်ပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅၈ ဦး ၊ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ၁၃၈ ဦး ၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ် ၅၀၁ ဦး နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၃ ဦး စုစုပေါင်း ၉၂၀ ဦး အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)