Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 ဗီဇပြောင်းဖြစ်သော VUI-202012/01 အား မတွေ့ရှိရသေးကြောင်းဆို

COVID-19 ရောဂါကာကွယ်ရန် ပိုးသတ်ဆေးဖျန်းနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ ဇန်နဝါရီ ၁၅ ရက်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၁၃ ဦးတွေ့ရှိပြီး၊ ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၂ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း၊ COVID-19 တွေ့ရှိမှု မှာ ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတချို့တွင် COVID-19 ဗီဇပြောင်းဖြစ်သော VUI-202012/01 အားတွေ့ရှိနေရပြီး မြန်မာနိုင်ငံတွင် ယနေ့အထိ ယင်းဗိုင်းရပ်စ်မရှိသေးကြောင်း၊ အဆိုပါဗီဇပြောင်းဗိုင်းရပ်စ်ပိုးဝင်ရောက်မှု မရှိစေရန် ကာကွယ်မှုများပြုလုပ်၍ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ပြောကြားသည်။

“ကျွန်တော်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်တဲ့ နိုင်ငံတချို့မှာပါ ဒီဗီဇပြောင်းဗိုင်းရပ်စ်ကို တွေ့လာရပြီ။ ဒီတော့ နယ်စပ်ဝင်ပေါက်တွေကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားပါတယ်။ အဲဒီနေရာမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အဓိကကျပါတယ်။ လူတစ်ယောက်ကနိုင်ငံခြားက ဝင်လာတယ်။ Quarantine မဝင်ရသေးဘူးဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းကို သတင်းပေးဖို့၊ ကျန်းမာရေးဌာနကို သတင်းပေးဖို့တစ်ဖက်က Alert လုပ်ထားပါတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်မှုနဲ့ အမြန်ဆုံးထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။’’ ဟုဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ထို့ပြင် CORONAVIRUS DISEASE 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ၏ လမ်းညွှန်ချက်နှင့် အညီ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် VUI-202012/01 မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း မရှိစေရန် ဂရိတ်ဗြိတိန်နှင့်မြောက်အိုင်ယာလန်တို့ပါဝင်သော ယူနိုက်တက်ကင်းဒမ်း (UK) တွင် နေထိုင်သူများနှင့် အဆိုပါနေရာသို့ သွားလာခဲ့သူများအား ခရီးသွားလာခွင့်ကန့်သတ်ခြင်း၊ Relief Flight ဖြင့်နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား Quarantine ကာလ ၇ ရက် အစား ၁၄ ကို တိုးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းဆိုသည်။

“Quarantine ကာလမှာလည်း တင်းတင်းကျပ်ကျပ် နဲ့ ဆောင်ရွက်ပါတယ်။ လူအချင်းချင်းမထိတွေ့အောင် ဒီရောဂါပိုး ကျွန်တော်တို့ နိုင်ငံထဲမရောက်အောင် ရောဂါပိုးကင်းစင်တဲ့ အချိန်မှ အများပြည်သူနဲ့ ပြန်လည်ထိတွေ့ခွင့်ပြုတာမျိုးတွေဆောင်ရွက်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ယနေ့ အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း ၁၃၃,၃၇၈ ဦး ရှိလာပြီဖြစ်ကြောင်းသိရသည်။ ယနေ့ သေဆုံးသူ ၁၄ ဦးရှိပြီး ၎င်းတို့အနက် ရောဂါအခံရှိသူ ၁၁ ဦးပါဝင်ကြောင်း၊ ယနေ့အထိ သေဆုံးသူစုစုပေါင်း ၂၉၂၆ ဦးရှိပြီဖြစ်ကြောင်း၊ ယနေ့ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၅၁၀ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၁၆,၆၁၀ ဦး ရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၂၂,၇၅၅ ခုအားစစ်ဆေးခဲ့ပြီး ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း ၂,၀၉၇,၃၃၂ ခုအားစစ်ဆေးပြီးဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.