Connect with us

MYANMAR

ရခိုင်ပြည်နယ်၌ COVID-19 ရောဂါပျောက်ကင်း၍ ဆင်းရုံမှဆင်းခွင့်ရသူ ၁၀၀ ဦးရှိလာ

COVID-19 ရောဂါပျောက်ကင်း၍ဆေးရုံမှဆင်းခွင့်ရသူများအားတွေ့ရစဉ် (ဓာတ်ပုံ-MRTV)

ရန်ကုန်၊စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၌ COVID-19 ရောဂါပျောက်ကင်း၍ ဆင်းရုံမှဆင်းခွင့်ရသူ စက်တင်ဘာ ၈ ရက် အထိ ၁၀၀ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

စစ်တွေမြို့၌ စက်တင်ဘာ (၈) ရက်၌ COVID-19 ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၆၄) ဦး၊ စက်တင်ဘာလ (၅) ရက်တွင် (၁၀)ဦးနှင့် စက်တင်ဘာလ (၆) ရက်တွင် (၃)ဦး ရှိသဖြင့် စက်တင်ဘာ (၈)ရက်အထိ၊ စစ်တွေမြို့တွင် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း( ၇၇ )ဦး ထိရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။

အလားတူ ဘူးသီးတောင်ဆေးရုံမှ (၅)ဦး၊ကျောက်ဖြူဆေးရုံမှ (၃)ဦး၊မြေပုံမြို့နယ်မှ (၁)ဦး၊မြောက်ဦးမြို့နယ်မှ (၁၄)ဦးတို့သည်လည်းဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိကြပြီဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိမြို့နယ်များတွင် COVID-19 အတည်ပြုလူနာစုစုပေါင်း (၁၀၀)ဦးအထိရောဂါကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိထားပြီဖြစ်ကြောင်းသိရသည်။

COVID-19 ရောဂါပျောက်ကင်း၍ဆေးရုံမှဆင်းခွင့်ရသူများအားတွေ့ရစဉ် (ဓာတ်ပုံ-MRTV)

တစ်နိုင်ငံလုံးအနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များအနက်၄၆၀ဦးအားဆေးရုံမှဆင်းခွင့်ပြုထားပြီဖြစ်ကြောင်းသိရသည်။” ဆေးရုံမှာ ကျန်နေတဲ့ COVID-19 အတည်ပြုလူနာတွေထဲမှာလည်း ရောဂါဆိုးဝါးတဲ့လူတွေမရှိပါဘူး၊ တချို့လည်းမကြာမီဆေးရုံကဆင်းရမှာပါ” ဟု စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်တစ်ဦးကဆိုသည်။

COVID-19ရောဂါသည် ပြည်တွင်းကူးစက်မှုကာလ အတန်ကြာမရှိဘဲ ဒုတိယအကြိမ်ပြည်တွင်းကူးစက်မှုစတင်ခဲ့သည့် ရခိုင်ပြည်နယ်သည် ရက်ပိုင်းအတွင်း ကူးစက်မှုနှုန်းမြင့်တက်ခဲ့ကြောင်း၊ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သည် ဒုတိယအကျော့ COVID-19 ရောဂါကူးစက်မှုတွင် ကူးစက်ခံရမှုအများဆုံးဖြစ်လာကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆေးရုံမှ ဆင်းခွင့်ရပြီးသော အတည်ပြုလူနာများအနေဖြင့် မိမိနေအိမ်တွင်  (၇) ရက်အသွားအလာ ကန့်သတ်ကာသီးသန့် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။ရခိုင်ပြည်နယ်တွင် စက်တင်ဘာလ (၉)ရက် မနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ (၅၆၉)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှသိရသည်။ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာယနေ့ (စက်တင်ဘာ ၉ ရက်) နံနက်ပိုင်းအထိ ၁,၈၀၇ဦး ရှိပြီးသေဆုံးသူ ၁၂ ဦး ရှိကြောင်း သိရသည်။  (Xinhua)