Connect with us

MYANMAR

နိုင်ငံတော်သမ္မတ အိမ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိဟု အတည်ပြု 

သမ္မတအိမ်တော် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ အိမ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးတွင် COVID-19 ရောဂါ ပိုး တွေ့ရှိကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့ ညဉ့်ဦးပိုင်းတွင် အတည်ပြု ပြောဆိုခဲ့သည်။

“ဒီကနေ့ သမ္မတအိမ်တော်က ကျွန်တော်၊ သမ္မတရုံး ဒုညွှန်ချုပ်နှစ်ဦးနဲ့ ဓါတ်ပုံ ကိုသက်အောင်၊ စုစုပေါင်း လေးဦး Swab နမူနာ ယူပါတယ်၊ အခု အဖြေရပါတယ်။ လေးဦးလုံး Negative ပါ။

နောက်တစ်ခုက Positive က လက်ထောက်ညွှန်ကြားရေမှူး အဆင့် ဖြစ်ပါတယ်။ အရာရှိကြီး မဟုတ်ပါ။ လူကြီးတွေနဲ တိုက်ရိုက်ထိတွေ့ရသူ မဟုတ်ပါ။ သူနဲ့အတူ ဌာနက ၁၁ ဦး စစ်ပါတယ်။ ၁၁ ဦးလုံး Negative ပါ။ စိတ်ချရအောင် သူနဲ့ တွေ့တဲ့သူ၊ မတွေ့လည်း နေရာနီးသူ အားလုံးကို Quarantine ဝင်ခိုင်းပြီး စစ်တာဖြစ်ပါတယ်” ဟု ၎င်းက အိမ်တော် သတင်းထောက်များ စာမျက်နှာတွင် အတည်ပြု ဖြေကြားခဲ့သည်။ 

ထို့အပြင် ၎င်းက “တစ်ချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်သူအားလုံး မနေ့ကရော ၊ ဒီကနေ့ရော စစ်ပြီး ဖြစ်ပါတယ်။ အားလုံး Negative ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ဦးဇော်ဌေး၏ ဖြေကြားချက်များအရ သမ္မတအိမ်တော်၌ ကျန်သည့် ဌာနများ၊ သမ္မတရုံးရှိ ကျန်ဌာနများ အလုပ်တက်ကြကြောင်း၊ အလုပ် မပိတ်၊ တစ်ဝက်တက် စနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ယန္တရား ပုံမှန်အတိုင်း လည်ပတ်လျက် ရှိကြောင်း၊ နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြပြီး စိတ်ပူစရာ မရှိကြောင်း၊ လုပ်ငန်းတာဝန်များ ပုံမှန်အတိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)