Connect with us

MYANMAR

COVID-19 ကာလအတွင်း မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၀,၀၀၀ ကျော် ပြန်လည်ဝင်ရောက်

မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သားများအား ဩဂုတ်လအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

COVID-19 ကာလ ခြောက်လကျော်အတွင်း မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၀,၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများသည် မတ် ၂၃ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဖြစ်ပြီး ပြန်လည်ဝင်ရောက်လာသူ ၁၂၀,၀၀၀ ကျော်အနက် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိသူ ၇၀ ဦး ရှိကြောင်း ၎င်းက ဆိုသည်။

မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “၁၂၀,၀၀၀ ကျော်မှာ ဒီကနေ့အထိ ပိုးတွေ့တာ ၇၀ ဦးပါ။ အဲဒီ ၇၀ က ပိုးပါလာတော့ မှန်တယ်။ သို့သော် အဲဒီ ၇၀ ဦးကနေ နောက်မည်သူတစ်ဦးတစ်ယောက်ကိုမှ ကူးစက်မှု ရှိတာ ဒီနေ့အထိ မတွေ့ရသေးဘူး။ အဓိက တင်ပြချင်တာကတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တယ်။လိုအပ်တဲ့ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ချက်တိုင်းကို တိကျစွာ လိုက်နာဖို့ အသိပညာပေးတယ်။ လိုက်နာနိုင်အောင်လည်း ဆောင်ရွက်တယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ကူးစက်မှု မရှိအောင် ထိန်းချုပ်နိုင်ပြီးတော့ migration ကို အောင်အောင်မြင်မြင် ဒီနေ့ထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။”ဟု ပြောကြားခဲ့သည်။

မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြား သော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ပြီး သက်ဆိုင်ရာ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အရေအတွက်မှာ အောက်တိုဘာ ၇ ရက်အထိ စုစုပေါင်း ၂၁,၄၃၃ ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံဆင်းခွင့် ရရှိသူ ၆,၀၈၄ ဦး နှင့် သေဆုံးလူနာ ၅၁၀ ဦး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.