Connect with us

MYANMAR

လူနှင့် တိရစ္ဆာန်အကြား COVID-19 အပြန်အလှန် ကူးစက်မှုမဖြစ်စေရန်အတွက် အထူးသတိပြုရန်လိုအပ်ကြောင်းထုတ်ပြန်

လူနှင့်တိရစ္ဆာန်ကြား ရောဂါ ကူးစက်နိုင်မှု သရုပ်ပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

လူနှင့် တိရစ္ဆာန်အကြား COVID-19 အပြန်အလှန် ကူးစက်မှုမဖြစ်စေရန်အတွက် အထူးသတိပြုရန်လိုအပ်ကြောင်း၊ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မည်သို့ ကြိုတင်ကာကွယ်သင့်ကြောင်း ပြည်သူသို့ တင်ပြချက်ကို မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက  ယနေ့ မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

COVID – 19 ဗိုင်းရပ်စ်ရောဂါဖြင့် အိမ်မွေးနှင့် အခြားတိရစ္ဆာန်များတွင် နာမကျန်းဖြစ်ခြင်းအတွက် မည်သည့် သတင်းပေးပို့မှုမျိုးမှ မရှိကြောင်း၊ လက်ရှိ အချိန်အထိ COVID – 19 ဗိုင်းရပ်စ်ရောဂါသည် လူအချင်းချင်းကူးစက်ပြီး ရောဂါဖြစ် သည်ကို တွေ့ရှိရကြောင်း၊  သို့သော်လည်း တစ်ခါတစ်ရံ တိရစ္ဆာန်နှင့် လူသားများ အကြား အပြန်အလှန်ရောဂါကူးစက် ဖြစ်ပွားတတ်သောကြောင့် COVID-19 ဗိုင်းရပ်စ်ရောဂါဖြင့် နာမကျန်း လူများကို တိရစ္ဆာန်၊ လူထုနှင့် ထိတွေ့ခြင်း မပြုလုပ်ရန် သတိပြုသင့်ကြောင်း ထုတ်ပြန်ချက်ထဲ တွင် ပါရှိသည်။ 

တိရစ္ဆာန်နှင့် ထိတွေ့ကိုင်တွယ်စဉ်နှင့် မွေးမြူသူများတွင် အခြေခံအားဖြင့် တိရစ္ဆာန် နှင့် မထိတွေ့ခင်နှင့် ထိတွေ့ပြီးချိန်၊ တိရစ္ဆာန် အစာများနှင့်ထိတွေ့ပြီးချိန်၊ အစာကျွေးမွေးချိန်မတိုင်နှင့် အစာကျွေးပြီးချိန်တွင် လက်ဆေးခြင်း၊ တိရစ္ဆာန်များကို အနမ်းပေး ခြင်း မပြုလုပ်ရန်၊ တိရစ္ဆာန်မှ လျှာဖြင့်လျက် ခြင်းကို မခံရန်နှင့် အစာကို မျှဝေစားခြင်းတို့ကို ရှောင်ကြဉ်ရန်လည်း အရေးကြီး ကြောင်း သိရသည်။ 

ဖြစ်နိုင်ပါက ဖျားနာသူ သို့မဟုတ် COVID-19 ဗိုင်းရပ်စ်ရောဂါ သံသယရှိသူများ အနေဖြင့် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များကို ထိတွေ့ခြင်း၊ မိသားစုဝင်များ၊ အခြားသော လူများ၊ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်း မပြု လုပ်ရန် ဂရုပြုရမည်ကြောင်း နှင့်  ဖျားနာသူ သို့မဟုတ် COVID-19 ဗိုင်းရပ်စ်ရောဂါ သံသယရှိသူများ အနေဖြင့် ဖြစ်နိုင်ပါက face mask တပ်ပြီးမှ သာ ၎င်းတို့၏ တိရစ္ဆာန်ကို ကြည့်ရှုစောင့် ရှောက်ခြင်းကို ပြုလုပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ 

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့အနေ ဖြင့် အာရှဒေသတွင်းနှင့် ပစိဖိတ်ဒေသမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ OIE ကိုယ်စားလှယ်တာဝန်ရှိသူများ၊ အမျိုးသားအဆင့် တိရစ္ဆာန်ဆေးကုဌာနမှ တာဝန်ရှိသူ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ နောက်ဆုံးရသတင်းများကို အပြန်အလှန် မျှဝေခြင်းတို့ကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။ 

COVID-19 လူနှင့် တိရစ္ဆာန် များအကြားတွင် အပြန်အလှန် ကူးစက်မှု ကို ကာကွယ်ရန် One Health (တစ်ခုတည်း သော ကျန်းမာရေး) ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကာကွယ်သွားကြရန် လိုအပ်ကြောင်း ပြည်သူသို့ တင်ပြလိုက်ပါသည် ဟု ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။   (Xinhua)