Connect with us

MYANMAR

အခြေခံစားသောက်ကုန်များကို ကုန်သည်စက်မှု အသင်းချုပ်က သက်သာသော နှုန်းထားဖြင့် ရောင်းချပေးမည်

ကုန်သည်စက်မှုအသင်းချုပ်၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ— UMFCCI)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများပူးပေါင်း၍ အခြေခံစားသောက်ကုန်များကိုသက်သာသောနှုန်းထားဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ယနေ့ မတ် ၂၆ ရက် တွင် သတင်းထုတ်ပြန်သည်။ 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သည် ညီနောင်အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတို့နှင့် ပူးပေါင်း၍ ယနေ့ မတ် (၂၆) ရက်ညနေပိုင်း၌ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ပြည်သူများသို့  ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် အခြားစက်မှုဇုန်များတည်ရှိရာ မြို့နယ်များသို့လည်း လာမည့်ရက်များအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆက်လက်လှည့်လည်ရောင်းချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  ယင်းသို့လှည့်လည်ရောင်းချခြင်းဖြင့် လတ်တလော COVID-19 အရေးကြောင့် အများပြည်သူ ဝယ်ယူစားသုံးနေသည့် အခြေခံစားသောက်ကုန်များ ဈေးကွက်အတွင်း ပြတ်လပ်ခြင်း မရှိစေရန်နှင့် ဈေးနှုန်း ကြီးမြင့်ခြင်းမရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဒေသတွင်းဖွင့်လှစ်ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီ၊ လက်ကားလုပ်ငန်းများ ထိခိုက်မှုမရှိစေရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။   (Xinhua)     


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117