Connect with us

MYANMAR

COVID-19 လူနာသစ် ၁,၇၃၁ ဦး ထပ်တိုး ၊ သေဆုံးလူနာ ၁၉ ဦးရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၇၃၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၁,၀၇၇ ဦး နှင့် သေဆုံးသူ ၁၉ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညထုတ်ပြန်မှု အရ သိရသည်။

နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၁,၅၈၅ ခုအား စစ်ဆေးပြီးစီးခဲ့နောက် လူနာသစ် ၁,၇၃၁ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ယနေ့ သေဆုံးသူ ၁၉ ဦး အနက် ရောဂါအခံရှိသူ ၁၂ ဦး ပါဝင်ကြောင်း သိရသည်။

နိုင်ငံအတွင်း ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၅၉,၀၃၅ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၈၂,၂၃၆ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၆၀,၉၆၅ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၇၈၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည် လုပ်ကိုင်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်၌ အထူးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်း ပြောကြားထားသည်။

တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ “နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ် (Stay at home)” တွင် အကြုံးဝင်သော မြို့နယ်များ နှင့် ရောဂါဖြစ်ပွားမှုများသောမြို့နယ်များတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနများသည် လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ “COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး မျက်နှာနှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign)” ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)