Connect with us

MYANMAR

ပဲခူး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့်အတူCOVID-19ရောဂါပိုး တွေ့ရှိမှုမြင့်တက်လျက်ရှိကြောင်းဆို

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့်အတူCOVID-19ရောဂါပိုး တွေ့ရှိမှုမြင့်တက်လျက်ရှိကြောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် COVID-19 ပိုးတွေ့သူဦးရေ ၁၄၂၈ ဦး ရှိပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၇ဒဿမ၈ ရာခိုင်နှုန်းရှိသောကြောင့် လက်ရှိအနေအထားရ ဆောင်းကာလ တုပ်ကွေးပိုးပျံ့နှံ့မှုမြန်ချိန်ဖြစ်သည့်အတွက် အထူးဂရုစိုက်သင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က ဆင်ဟွာသို့ယနေ့ပြောကြားသည်။

“ပထမရန်ကုန်မှာ တော်တော်တန့်သွားပြီထင်ပေမယ့် ၅ ရာခိုင်နှုန်းအောက်ကျတဲ့နေ့ကို မရှိသေးဘူး။ COVID-19 ရောဂါပိုးတွေ့ရှိမှု ကျသွားတယ်၊ တန့်သွားတယ်လို့ ပြောဖို့ရာခက်သွားတယ်။ ပုံမှန်ထက်ပိုဂရုစိုက်သင့်တဲ့အချိန်လည်းဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ရာသီတုပ်ကွေးလည်းဖြစ်နေတာဆိုတော့ COVID နဲ့ မကွဲမှာစိုးလို့ ပိုဂရုစိုက်ဖို့လိုတယ်လို့ထင်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၈,၁၉၇) ခု အားစစ်ဆေးခဲ့ပြီး COVID-19 ပိုးတွေ့ရှိမှု (၁,၄၂၈) ဦး ရှိခဲ့ကြောင်း၊ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၁၁၄,၆၉၇) ခုအားစစ်ဆေးခဲ့ပြီး စုစုပေါင်းပိုးတွေ့ရှိသူ (၈၆,၆၃၃)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၇ရက်ည (၈) နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့တွင် (၁၉)ဦးထပ်မံသေဆုံးခဲ့ပြီး ရောဂါအခံရှိသူ (၁၆) ဦးပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၈၆၅) ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၃၂၇)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၆၅,၉၇၂)ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ဓာတ်ခွဲနမူနာပေါင်း (၂၀,၁၁၈) ခု အားစစ်ဆေးခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပိုးတွေ့ရှိသူ(၁,၆၃၉)ဦးရှိခဲ့သဖြင့် ပိုးတွေ့ရှိမှုနှုန်း ၈ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်းဆိုသည်။ ယမန်နေ့ပိုးတွေ့ရှိမှုတွင်ရန်ကုန်တိုင်းဒေသကြီးမှ (၁၀၀၁) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးမှ (၂၇၀) ဦးဖြင့် ဒုတိယအများဆုံးတွေ့ရှိခဲ့ကာ ပဲခူးတိုင်းဒေသကြီးမှ (၁၄၄)ဦးဖြင့် တတိယအများဆုံးတွေ့ရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးမှ (၅၄)ဦးဖြင့် စတုတ္ထအများဆုံးတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)