Connect with us

MYANMAR

COVID-19 ကာကွယ်၊ထိန်းချုပ်၊တားဆီးရေးအတွက် ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ ညွှန်ကြားချက်များအား ဒီဇင်ဘာ ၁၅ ရက်အထိ ရက်တိုးမြှင့်

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် 

COVID-19 ရောဂါပိုး ကူးဆက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ရန်လိုအပ်သဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် နိုဝင်ဘာ ၃၀ ရက်အထိထုတ်ပြန်ထားသော ပြည်သူ့သို့ ပန်ကြားချက်၊အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန်လိုအပ်သည့် ကိစ္စရပ်များမပါ)အား ဒီဇင်ဘာ ၁၅ ရက်အထိ ရက်တိုးမြှင့်ဆောင်ရွက်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ မှ နိုဝင်ဘာ ၂၈ ရက်ရက်စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် COVID-19 ရောဂါကူးစက်မှုများ ဆက်လက်တွေ့ရှိနေရပြီး ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါတွေ့ရှိမှုနှုန်း လျော့သွားခြင်းမရှိသေးဘဲ ဆက်လက်သတိထားရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်းမှ ဒေါက်တာကောင်းမြတ်က ဆင်ဟွာသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပြောသည်။

“ဒီ ၂ လ ၊၃ လ အတွင်းကတော့ ပိုးတွေ့နှုန်းက ဒီအတိုင်းပဲ ဆက်ရှိနေတယ်လို့ထင်တယ်။ ရန်ကုန်မြို့က လူတွေကို လက်မလျှော့ပဲ နှာခေါင်းစည်းတပ်စေချင်တယ်။ တောင့်ခံထားစေချင်တယ်။ တောင့်မခံထားနိုင်ရင် အချိန်မရွေးပါသွားနိုင်တယ်။ အခုလည်းကျွန်တော်တို့မိသားစုဝင်တွေမှာလည်း COVID-19 ကူးစက်ခံရတာတွေရှိတော့ လက်မလျှော့ဖို့ပဲအကြံဉာဏ်ပေးချင်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၇,၉၂၄) ခု အားစစ်ဆေးခဲ့ပြီး COVID-19 ပိုးတွေ့ရှိမှု (၁,၃၄၄) ဦး ရှိခဲ့ကြောင်း၊ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၁၃၂,၆၂၁) ခုအားစစ်ဆေးခဲ့ပြီး၊ စုစုပေါင်းပိုးတွေ့ရှိသူ (၈၇,၉၇၇)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၈ရက်ည (၈) နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့တွင် (၂၂)ဦးထပ်မံသေဆုံးခဲ့ပြီး ရောဂါအခံရှိသူ (၁၈) ဦးပါဝင်ကြောင်းနှင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၈၈၇) ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၆၁၆)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၆၇,၅၈၈)ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ဓာတ်ခွဲနမူနာပေါင်း (၁၈,၁၉၇) ခု အားစစ်ဆေးခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပိုးတွေ့ရှိသူ(၁,၄၂၈)ဦးရှိခဲ့သဖြင့် ပိုးတွေ့ရှိမှုနှုန်း ၇ ဒဿမ ၈ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်းသိရသည်။ ယမန်နေ့ပိုးတွေ့ရှိမှုတွင်ရန်ကုန်တိုင်းဒေသကြီးမှ (၈၆၅) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးမှ (၂၁၂) ဦးဖြင့် ဒုတိယအများဆုံးတွေ့ရှိခဲ့ကာ ပဲခူးတိုင်းဒေသကြီးမှ (၁၂၃)ဦးဖြင့် တတိယအများဆုံးတွေ့ရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးမှ (၈၆)ဦးဖြင့် စတုတ္ထအများဆုံးတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)