Connect with us

MYANMAR

COVID-19 ရောဂါပိုးတွေ့ရှိမှု ၃ ဒဿမ ၉ ရာခိုင်နှုန်း အထိစံချိန်သစ်တင်ကျဆင်းခဲ့ကြောင်းဆို

COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် ဓာတ်ခွဲနမူနာပေါင်း ၁၉,၅၄၃ ခုအားစစ်ဆေးခဲ့ပြီး  COVID-19 ဓာတ်ခွဲအတည်ပြုလူနာ  ၇၅၈ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ပိုးတွေ့ရှိမှု ၃ ဒဿမ ၉ ရာခိုင်နှုန်းရှိသောကြောင့် COVID-19  ဒုတိယလှိုင်းတွင် စံချိန်သစ်တင် ပိုးတွေ့ရှိမှု ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပိုးတွေ့ရှိမှု ဆက်ပြီးကျဆင်းနေပြီလို့ပြောလို့ရတယ်။ ဒါက ကျွန်တော်တို့နိုင်ငံအတွက် ရောင်နီသန်းလာပါပြီ။ ပြည်သူတွေအနေနဲ့ ဆက်လက်ပြီး ပူးပေါင်းပါဝင်ပြီးနှာခေါင်းစည်းတပ်ခြင်း၊ ခပ်ခွါခွါနေခြင်း နဲ့ လက်မကြာခဏဆေးခြင်းတွေကို ဆောင်ရွက်ပေးရင် ကျွန်တော်တို့ နိုင်ငံမှာ COVID-19 ရောဂါတွေ့ရှိမှုကို ပထမလှိုင်းတုန်းကလို အမြန်ဆုံးထိန်းနိုင်သွားမယ်လို့ထင်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

COVID-19 နေ့စဉ်စမ်းသပ်တွေ့ရှိမှုရာခိုင်နှုန်းမှာ ဒီဇင်ဘာ ၁၆ ရက်တွင် ၅ ဒဿမ ၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် ၅ ဒဿမ ၁ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် ၄ ဒဿမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၄ ဒဿမ ၄ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၀ ရက်တွင် ၄ ဒဿမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၁ ရက်တွင်  ၄ ဒဿမ ၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် ၄ ဒဿမ ၁ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၃ ရက်တွင်  ၄ ဒဿမ ၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၄ ရက်တွင် ၄ ဒဿမ ၃ ရာခိုင်နှုန်းနှင့် ဒီဇင်ဘာ ၂၅ ရက်တွင် ၃ ဒဿမ ၉ ရာခိုင်နှုန်းတွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ သေဆုံးသူ ၂၀ ဦးရှိပြီး ရောဂါအခံရှိသူ ၁၈ ဦးပါဝင်ကြောင်း၊ ယနေ့အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း ၁၂၀,၅၄၆ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၂,၅၅၂ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။ ယနေ့ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၀၁၃ ဦးရှိပြီး ယနေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၀၀,၉၄၀ ဦးရှိပြီဖြစ်ကြောင်း ၊ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း ၁,၇၀၃,၂၈၇ ခုစစ်ဆေးပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။  (Xinhua)