Connect with us

MYANMAR

COVID-19 ကပ်ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကျပ် ၅၆၈.၆၄ ဘီလီယံ ထောက်ပံ့ထားပြီးဟုဆို

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြားနေစဉ် ( ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

COVID-19 ကပ်ရောဂါ ကာလအတွင်း COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(COVID-19 Economic Relief Plan – CERP)အရ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ကျပ် ၅၆၈.၆၄ ဘီလီယံ ထောက်ပံ့ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ယနေ့ကျင်းပသော အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား၌ ပြောကြားခဲ့သည်။

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း နှင့် ရသင့်ရထိုက်သည့်သူများကို ထောက်ပံ့နိုင်ရန်တွက်လည်း နိုင်ငံတော်အစိုးရက မူများချမှတ်ပြီး ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆိုသည်။ထိုသို့ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ် ခဲ့ရာတွင် တိုင်ကြားမှုနည်းပါးခဲ့သော်လည်း၊ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ချိန်၌ တိုင်ကြား မှုများပိုမိုများပြားလာကြောင်း၊ ယင်းကြောင့် တိုင်ကြားစာဖြေရှင်းရေးဌာနများ ဖွင့်လှစ်ပြီး ဖြေရှင်းစိစစ်ခဲ့ရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုဆိုသည့် သတ်မှတ်ချက်နှင့် မကိုက်ညီသော်လည်း COVID-19 ကပ်ရောဂါကာလရှည်ကြာလာ၍ အလုပ် အကိုင် အဆင်မပြေသော အိမ်ထောင်စုများ၊ ပြောင်းရွှေ့လုပ်သားများနှင့် တစ်ဦးချင်းတင်ပြ တောင်းဆိုသည့် တိုင်ကြားစာ အရေအတွက်သည် ၉၀ ရာခိုင်နှုန်းနီးပါး ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါကိစ္စကို အမြန်ဆုံးပြီးပြတ်နိုင်ရေးအတွက် ကျန်ရှိသည့် တိုင်ကြားမှုများကို စိစစ်လျက် ရှိပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံ တင်ပြကာ အဆုံးအဖြတ်ခံယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်တွေ၊ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(COVID-19 Economic Relief Plan-CERP)ပါ လုပ်ငန်းစဉ်များအပြင် ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ဒီဇင်ဘာ ၂၂ ရက်၌ ဒုတိယအကြိမ်ပြင်ဆင်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်၊ ရပ်/ကျေး ဝန်ထမ်းတွေအနေနဲ့ သာမက ပြည်သူတွေပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ဖို့ အလွန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ပြီးက ဆိုသည်။

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ ပထမအဆင့်ဖြစ်သောရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လက်စွဲစာစောင်ကို ပြုစုဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နောင်ရွေးချယ်ခြင်းခံရမည့် အုပ်ချုပ်ရေးမှူးများကို လက်စွဲစာစောင်ပါ လုပ်ငန်းလမ်းညွှန်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ခေတ်ကာလနှင့် လျော်ညီသည့် ချီးမြှင့်ထောက်ပံ့ငွေ ပေးနိုင်ရေး အတွက် တင်ပြဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.