Connect with us

MYANMAR

COVID-19 ပိုးတွေ့ရှိမှုရာခိုင်နှုန်း ဆက်လက်ကျဆင်း ၊ လူနာသစ် ၆၄၈ ဦး စစ်ဆေးတွေ့ရှိ

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းချနေသူအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် ဆက်လက် ကျဆင်းခဲ့ပြီး ၂၄ နာရီအတွင်း လူနာသစ် ၆၄၈ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၉,၁၀၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၆၄၈ ဦး တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၁,၁၂၈ ဦး နှင့် သေဆုံးလူနာ ၁၇ ဦး ရှိခဲ့ကြောင်း သိရသည်။

COVID-19 ပိုးတွေ့ရှိမှုမှာ လေးရက်ဆက်တိုက် ၃ ရာခိုင်နှုန်းကျော် ဆက်လက်ကျဆင်းခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း သိရသည်။

COVID-19 စမ်းသပ်တွေ့ရှိမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေကြောင်း ၊ ဒီဇင်ဘာ ၁၉ ရက်မှ ၂၈ ရက်အထိ နေ့စဉ် စစ်ဆေးသော ဓာတ်ခွဲနမူနာ အရေအတွက်မှာ အနည်းဆုံး ၁၆,၆၀၇ ခုမှ အများဆုံး ၂၃,၄၈၅ ခုအထိ ရှိခဲ့ရာ ပျှမ်းမျှ အရေအတွက်မှာ ၂၀,၇၆၁ ခု ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဒီဇင်ဘာ ၂၈ ရက်အထိ COVID-19 ဓာတ်ခွဲနမူနာပေါင်း ၁,၇၅၉,၁၄၅ ခုအား စစ်ဆေးခဲ့ပြီး လူနာပေါင်း ၁၂၂,၅၃၄ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၀၄,၃၅၁ ဦး နှင့် သေဆုံးလူနာပေါင်း ၂,၆၁၈ ဦး ရှိခဲ့ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ယခုထက် ပိုမိုတိကျစွာ လိုက်နာဆောင်ရွက်ကြမှသာလျှင် ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ (Xinhua)