Connect with us

MYANMAR

COVID-19 လူနာသစ် ၆၄၇ ဦး တွေ့ရှိ ၊ သေဆုံးလူနာ ၂၂ ဦးရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းချနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၆၄၇ ဦး စစ်ဆေးတွေ့ရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၆၀၅ ဦး နှင့် သေဆုံးလူနာ ၂၂ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၉,၇၇၀ ခု စစ်ဆေးပြီးစီးခဲ့ပြီးနောက် ထိုသို့ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပိုးတွေ့ရှိမှု ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
COVID-19 နေ့စဉ်စမ်းသပ်တွေ့ရှိရမှုနှုန်းမှာ ဇန်နဝါရီ ၁ ရက်တွင် ၂ ဒသမ ၆ ရာခိုင်နှုန်း ၊ ဇန်နဝါရီ ၂ ရက်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်း ၊ ဇန်နဝါရီ ၃ ရက်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်း ၊ ဇန်နဝါရီ ၄ ရက်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

COVID-19 စမ်းသပ်တွေ့ရှိရမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်ထိ နေ့စဉ်စစ်ဆေးသော ဓာတ်ခွဲနမူနာအရေအတွက်မှာ အနည်းဆုံး ၁၅,၇၃၅ ခုမှ အများဆုံး ၂၄,၀၀၇ ခုအထိ ဖြစ်ပြီး ပျှမ်းမျှ အရေအတွက်မှာ ၁၈,၀၉၆ ခု ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၅ ရက်ထိ COVID-19 လူနာပေါင်း ၁၂၇,၅၈၂ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၁၁၀,၈၀၅ ဦး နှင့် သေဆုံးလူနာ ၂,၇၆၆ ဦး ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ ၆၃ ရာခိုင်နှုန်း မှ ၈၅ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိသောကြောင့် မိမိပတ်ဝန်းကျင်တွင် ရောဂါရှိသူများ ရှိနေနိုင်ပြီး မည်သူထံတွင် ရောဂါရှိသည်ကို အမြင်အားဖြင့် မသိရှိနိုင်ကြောင်း ၊ သို့ဖြစ်၍ COVID-19 ကာကွယ်ရေးနည်းလမ်းများကို မိသားစုဝင်အချင်းချင်း ၊ မိတ်ဆွေအချင်းချင်း ၊ လုပ်ဖော်ကိုင်ဘက်အချင်းချင်း အသိပေးခြင်း နှင့် သတိပေးခြင်းများကို အမြဲတမ်း ပြုလုပ်ကြရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

COVID-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ဖြစ်ပွားမှု နှင့် သေဆုံးမှု များပြားနေဆဲ ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းအောင် ထိန်းချုပ်ထားနိုင်ခဲ့သည့် နိုင်ငံအချို့တွင်လည်း ကူးစက်ဖြစ်ပွားမှုများ ပြန်လည်များပြားလာနေသည်ကို တွေ့ရှိနေရကြောင်း ၊ မြန်မာနိုင်ငံ၌ ထိုသို့ မဖြစ်ရေး အထူးဂရုစိုက်ရန် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထည့်သွင်း ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.