Connect with us

MYANMAR

COVID-19 ရောဂါဖြစ်ပွားသူ သုံးရက်ဆက်တိုက် ၂ရာခိုင်နှုန်းကျော် ကျဆင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နှာခေါင်းစည်း တပ်ဆင်ပြီး သွားလာနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူသည် သုံးရက်ဆက်တိုက် ၂ရာခိုင်နှုန်းကျော်သို့ ကျဆင်းလာခဲ့ကြောင်း ယနေ့ ညပိုင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ ရောဂါဖြစ်ပွားမှုသည် ဇန်နဝါရီ ၁၅ ရက်တွင် ၂ဒသမ၃ ရာခိုင်နှုန်း ဇန်နဝါရီ ၁၆ ရက်တွင် ၂ဒသမ ၇ ရာခိုင်နှုန်း နှင့် ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင်၂ဒသမ ၅ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

ယနေ့ ညထုတ်ပြန်ချက်တွင် COVID-19 ရောဂါဖြစ်ပွားသူ အသစ် ၄၄၉ ဦးရှိပြီး ထပ်မံ သေဆုံးသူ၁၃ဦးရှိကြောင်း သိရသည်။

ယခုထိ COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၃၄,၃၁၈ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၂,၉၉၅ ဦးရှိကြောင်း သိရသည်။

လွန်ခဲ့သော၂၄နာရီအတွင်း COVID-19 ရောဂါပျောက်ကင်း၍ ဆေးရုံးကဆင်းခွင့်ရှိသူ ၅၈၂ရှိသဖြင့် ဆင်းရုံကဆင်းခွင့်ရသူ စုစုပေါင်း ၁၁၇,၆၆၃ ဦးရှိကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ ၆၃ ရာခိုင်နှုန်း မှ ၈၅ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိသောကြောင့် မိမိပတ်ဝန်းကျင်တွင် ရောဂါရှိသူများ ရှိနေနိုင်ပြီး မည်သူထံတွင် ရောဂါရှိသည်ကို အမြင်အားဖြင့် မသိရှိနိုင်ကြောင်း ၊ သို့ဖြစ်၍ COVID-19 ကာကွယ်ရေးနည်းလမ်းများကို မိသားစုဝင်အချင်းချင်း ၊ မိတ်ဆွေအချင်းချင်း ၊ လုပ်ဖော်ကိုင်ဘက်အချင်းချင်း အသိပေးခြင်း နှင့် သတိပေးခြင်းများကို အမြဲတမ်း ပြုလုပ်ကြရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

COVID-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ဖြစ်ပွားမှု နှင့် သေဆုံးမှု များပြားနေဆဲ ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းအောင် ထိန်းချုပ်ထားနိုင်ခဲ့သည့် နိုင်ငံအချို့တွင်လည်း ကူးစက်ဖြစ်ပွားမှုများ ပြန်လည်များပြားလာနေသည်ကို တွေ့ရှိနေရကြောင်း ၊ မြန်မာနိုင်ငံ၌ ထိုသို့ မဖြစ်ရေး အထူးဂရုစိုက်ရန် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထည့်သွင်း ထုတ်ပြန်ထားသည်။ (Xinhua)