Connect with us

MYANMAR

၁၀ ရက်အတွင်း COVID-19 ရောဂါ ပိုးတွေ့ရှိမှု ၃.၅ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာကြောင်းဆို

နှာခေါင်းစည်းဖြင့် လက်ဆေးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ COVID-19 အတည်ပြုလူနာသစ် ၄၉၁ ဦး တွေ့ရှိပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၂.၇ ရာခိုင်နှုန်းရှိကာ ယခု ၁၀ ရက်အတွင်း ပိုးတွေ့ရှိမှု ၃.၅ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာကြောင်း၊ ပိုးတွေ့ရှိမှုနှုန်း ဆက်လက်ကျဆင်းနိုင်ချေရှိကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က ဆင်ဟွာသို့ ဇန်နဝါရီ ၁၆ ရက်တွင်ပြောသည်။

ဒေါက်တာမြတ်ဝဏ္ဏစိုးက “ပိုးတွေ့ရှိမှုနှုန်းက ဆက်တိုက်ကျဆင်းနေပါတယ်။ ဆက်ပြီးကျနိုင်ချေရှိပါတယ်။ ဒါပေမယ့် ဗီဇပြောင်းကူးစက်မြန် COVID-19 ဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ မတွေ့သေးပေမယ့် ကျွန်တော်တို့ သတိတော့ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တစ်ဦးချင်းစီ ကာကွယ်နိုင်တဲ့စွမ်းရည်တွေ တက်လာလို့ ရောဂါပိုးတွေ့ရှိမှုနှုန်းကျတာဖြစ်တယ်။ ဒါကြောင့်နှာခေါင်းစည်းတပ်မယ်။ လက်ဆေးမယ်။ တစ်ဦးချင်းစီ စည်းကမ်းလိုက်နာမှုရှိရင် ဒီရောဂါကို ကာကွယ်ပြီး New Normal နဲ့ သွားနိုင်မှာဖြစ်ပါတယ်’’ ဟု ပြောသည်။

ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ဇန်နဝါရီ ၇ ရက်တွင် ၃.၁ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၈ ရက်တွင် ၃.၅ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၉ ရက်တွင် ၂.၉ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၁၀ ရက်တွင် ၃.၂ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၁၁ ရက် တွင် ၃.၂ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၁၂ ရက်တွင်၂.၅ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၁၃ ရက်တွင် ၂.၉ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၁၄ ရက်တွင် ၃.၂ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ၂.၃ ရာခိုင်နှုန်းနှင့် ယနေ့ ဇန်နဝါရီ ၁၆ ရက်တွင် ၂.၇ ရာခိုင်နှုန်းတွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း ၁၃၃,၈၆၉ ဦး ရှိပြီဖြစ်ကြောင်း၊ ယနေ့သေဆုံးလူနာ ၁၆ ဦးရှိပြီး၊ ရောဂါအခံရှိသူ ၁၂ ဦးပါဝင်ကြောင်း၊ ယနေ့အထိ သေဆုံးသူစုစုပေါင်း ၂၉၄၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ယနေ့ဇန်နဝါရီ ၁၆ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၄၇၁ ဦး ရှိပြီး စုစုပေါင်း ဆေးရုံဆင်းခွင့်ရရှိသူ ၁၁၇,၀၈၁ ဦးရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သော ၂၄ နာရီ အတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၈,၀၀၅ ခုအားစစ်ဆေးခဲ့ပြီး ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၁၁၅,၃၃၇ ခု အားစစ်ဆေးပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)