Connect with us

MYANMAR

COVID-19 ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေ ကျပ် ၁၁,၁၂၆ ဒသမ ၈၅၄ သန်း ၊ အ မေရိကန်ဒေါ်လာ ၂၅၂ ဒသမ ၆၇၃ သန်း ရရှိထား

ကျန်းမာရေး ဝန်ထမ်းတစ်ဦးက COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန် Swab ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စာရင်းတွင် နိုင်ငံတော်က ထည့်ဝင်ငွေ အပါအဝင် ကျပ် ၁၁,၁၂၆ ဒသမ ၈၅၄ သန်း ၊ အမေရိကန် ဒေါ်လာ ၂၅၂ ဒသမ ၆၇၃ သန်း ရရှိထားပြီး ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။

ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက် အထိ မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် ဖွင့်လှစ်ထားရှိသော COVID-19 ကာကွယ် ဆေး ဝယ်ယူရရှိရေးရန်ပုံ ငွေ (COVID-19 Vaccination Fund) မြန်မာကျပ် ငွေစာရင်း OA 013733 နှင့် နိုင်ငံခြားငွေစာရင်း EDC 600012 သို့ ပြည်တွင်း / ပြည်ပအလှူရှင် ၇၂၈ ဦးက လှူဒါန်းငွေစုစုပေါင်း ကျပ် (၁၀,၁၂၆ ဒသမ ၈၅၄) သန်းနှင့် အမေရိ ကန် ဒေါ်လာ ၂ ဒသမ ၆၇၃ သန်း ထည့်ဝင်လှူဒါန်းထားကြောင်း သိရသည်။

နိုင်ငံတော်မှ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ( နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 )စာရင်းတွင် မတည်ရန်ပုံငွေ ကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို စတင်ထည့်သွင်းပေးထားမည် ဖြစ်ကြောင်း ၊ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ( မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733 )စာရင်းတွင် မတည်ရန်ပုံငွေ ကျပ် သန်း ၁,၀၀၀ ကို စတင်ထည့်သွင်းထားကြောင်း ဇန်ဝါရီ ၅ ရက်တွင် အသိပေးကြေညာခဲ့သည်။

COVID -19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသည် COVID-19 ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ၊ ၎င်းဆပ်ကော်မတီမှ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ပြီးဖြစ်ကြောင်း နှင့် ပြည်တွင်း/ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ ၊ အဖွဲ့အစည်းများအနေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်တွင် အသိပေးကြေညာခဲ့သည်။ (Xinhua)