Connect with us

MYANMAR

မြန်မာတရုတ်အဖွဲ့အစည်းများက COVID-19 ရောဂါကာကွယ်ကုသရေး အတွက် နတ်မောက်မြို့ ပြည်သူ့ ဆေးရုံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်း 

လှူဒါန်းပွဲအခမ်းအနားတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ)

COVID-19 ရောဂါကာကွယ်ကုသရေး အတွက် မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း နှင့် Golden City Charity Foundation တို့မှ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ပြည်သူ့ဆေးရုံ(ခ)မြန်မာတရုတ်ချစ်ကြည်ရေး ဆေးရုံ(၀၀၂)သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား ယနေ့ မတ် ၃၁ ရက်တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

နတ်မောက်မြို့ ပြည်သူ့ဆေးရုံ(ခ)မြန်မာတရုတ်ချစ်ကြည်ရေး ဆေးရုံ(၀၀၂)သို့ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းက COVID-19 ရောဂါကာကွယ်ရေး အတွက် ငွေကျပ် ၁၃၀ သိန်း တန်ဖိုးရှိ Surgical Mask (၂၀,၀၀၀) ခု နှင့် Golden City Charity Foundation က COVID-19 ရောဂါ ကုသရေး အတွက် အသက်ရှူစက်(Oxygen Plant)တို့အား လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း၏ လှူဒါန်းမှုအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က နတ်မောက်မြို့ ပြည်သူ့ ဆေးရုံ၌ လိုအပ်သည့် ဆေးပစ္စည်းများကို ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း ၊ လာမည့်ရက်ပိုင်း တွင်လည်း ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကြီးအတွက်လည်း COVID-19 ရောဂါ ကုသရေးနှင့် ပတ်သက်သော ဆေးပစ္စည်းများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Golden City Charity Foundation က လှူဒါန်းမှုအား တွေ့ရစဉ်(ဆင်ဟွာ) 

နတ်မောက်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းစည်သူ ကိုယ်စား လှူဒါန်းမှုများအား လက်ခံရယူပေးခဲ့သည့် ဒေါက်တာမြတ်သန့်က “ဒီလိုအရမ်းလိုအပ်နေတဲ့အချိန်မှာ မိတ်ဆွေကောင်းအနေနဲ့ ကရုဏာကြီးကြီးမားမားနဲ့ လှူဒါန်းပေးတာ ကျေးဇူးတင်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ Golden City Charity Foundation ၏ Deputy Secretary General ဖြစ်သူ ဒေါ်အိခိုင်ဇင်ဝင်းမြင့်က “ဒီအသက်ရှူစက် လှူဒါန်းလိုက်ရခြင်းကြောင့် လူနာတွေအတွက် အဆင်ပြေသွားမယ်လို့ မျှော်လင့်မိပါတယ်။ တတ်နိုင်သရွေ့လိုအပ်နေတဲ့အခြားသောနေရာတွေကို မျှပြီးတော့ ဆက်လက်လှူဒါန်းသွားဖို့ရှိပါတယ်။”ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းကို အထောက်အကူပြုရန် တရုတ်နိုင်ငံ၏ ဖောင်ဒေးရှင်းများ ဖြစ်ကြသည့် ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်းတို့မှ မတ် ၃၀ ရက်တွင်  ဆေးဘက်ဆိုင်ရာ ပစ္စည်းများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။(Xinhua)