Connect with us

MYANMAR

COVID-19 ရောဂါပိုး တွေ့ရှိမှု ရက်ပေါင်း ၂၀ အတွင်း ၃၁ ဦးထိ ရှိလာ

COVID-19 ရောဂါပိုး တွေ့ရှိမှု ရက်ပေါင်း ၂၀ အတွင်း ၃၁ ဦးထိ ရှိလာ

ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ရှိသူ သုံးဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၁၁ ရက် ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ပြီးနောက် စတင် ထုတ်ပြန် ကြေညာခဲ့သည့် မတ် ၂၃ ရက်မှ ယခုထိ ရက်ပေါင်း ၂၀ အတွင်း စုစုပေါင်း လူနာ အရေအတွက် ၃၁ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-029) သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် နေထိုင်သော အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး မတ် ၂၈ ရက်တွင် အင်္ဂလန် နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ် ထားသော အဆောက်အဦတစ်ခုတွင် အသွားအလာကန့်သတ်ခြင်း (Facility Quarantine) ပြုလုပ်ရန် ညွှန်းပို့ခဲ့ပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၊ လူနာအား စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့သို့ လွှဲပြောင်းကုသရန်စီစဉ်လျက်ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။ ဓာတ်ခွဲအတည်ပြုလူနာ (Case-030) သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးရုံ တစ်ခုတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်တစ်ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးအား အနီးကပ် ဆေးကုသမှုပေးခဲ့သည့် ရာဇဝင်ရှိခဲ့သဖြင့် ၎င်းထံမှ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း လူနာအား ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ် လျက်ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ ဓာတ်ခွဲအတည်ပြုလူနာ (Case-031) သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် နေထိုင်သော အသက် (၄၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case-001) သည် ကလေးမှ တီးတိန်သို့သွားစဉ် (Case-031) ၏ နေအိမ်၌ ညအိပ်တည်းခိုခဲ့ကြောင်း သိရှိရကြောင်း ၊ (Case-001) အား ဓာတ်ခွဲအတည် ပြုလူနာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ၎င်းအား မတ် ၂၅ ရက်မှ စတင်ကာ နေအိမ်၌ အသွားအလာ ကန့်သတ်ထားရှိခြင်းဖြစ်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ၊ လူနာအား တီးတိန်ဆေးရုံသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ လက်ရှိ ကုသမှုခံယူလျက်ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၅ ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ၊ ဝေဘာဂီအထူးကု ဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)