Connect with us

MYANMAR

Facility Quarantine (၂၁)ရက် နှင့် Home Quarantine ကာလ(၇)ရက် စုစုပေါင်း ၂၈ ရက် ဆောင်ရွက်သွားရန် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်

Facility Quarantine (၂၁)ရက် နှင့် Home Quarantine ကာလ(၇)ရက် စုစုပေါင်း ၂၈ ရက် ဆောင်ရွက်သွားရန် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)
နိုင်ငံအတွင်းရောဂါပြန့်နှံ့မှုအား ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် သေချာမှုရှိစေရေးအတွက် ယခင် Facility Quarantine အသွားအလာ ပိတ်ပင်ကန့်သတ်ခြင်း (၁၄)ရက်ကာလအစား ယခု Community Based Facility Quarantine/ Hotel Quarantine ၂၁ ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကာလ ၇ ရက် စုစုပေါင်း (၂၈)ရက် ဆောင်ရွက်သွားကြရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၁၁ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။

လက်ရှိအနေဖြင့် မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါဓါတ်ခွဲအတည်ပြု လူနာ ၃၁ ဦးအနက် နိုင်ငံတကာမှ ပြန်လည်ရောက်ရှိလာသည့်ခရီးသွားများ (Imported cases) များ၊ ၎င်းတို့နှင့် အနီးကပ်ထိတွေ့သူများတွင်သာ အဓိကကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရကြောင်း ၊ ထို့အပြင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲစစ်ဆေးချက်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Contact Tracing ဆောင်ရွက်ခဲ့သည့် တွေ့ရှိချက်များအရ အချို့သော Confirmed လူနာများနှင့် အသွား အလာပိတ်ပင်ကန့်သတ်ခြင်းပြီးစီးသည့်နောက် (၁၄)ရက်ကျော်သည်အထိ လူအချို့တွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးရာ ရောဂါပိုးဆက်လက်တွေ့ရှိနေသေးကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

COVID-19 ရောဂါရှိသူများမှ ရောဂါပိုးစွန့်ထုတ်သည့်ကာလမှာ ရောဂါလက္ခဏာ မပြမီ (၂)ရက်မှ ရောဂါလက္ခဏာပြပြီး (၂၈)ရက် အထိရှိကြောင်းနှင့် အဆိုပါကာလ အတွင်း အခြားသူများသို့ ရောဂါကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန် ထားကြောင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြုလုပ်ခဲ့သည့် သုတေသနစာတမ်းများ အရ Quarantine (၂၁)ရက် တိတိကျကျနှင့် စနစ်တကျထားရှိပါက ရောဂါကူးစက်မှုအား (၉၈.၇%) အထိ ထိန်းချုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည့်အပြင် ဒေသတွင်းနိုင်ငံ အချို့တွင်လည်း Quarantine ကာလအား ဆေးရုံ/သတ်မှတ်နေရာများတွင် နေထိုင်ရမည့် ကာလနှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း ကာလစုစုပေါင်းအား (၂၈)ရက် အထိ သတ်မှတ်ထားခြင်း တွေ့ရှိရကြောင်း ၊ အထူးသဖြင့် အထက်ပါ Quarantine (၂၈)ရက် ထားရှိမှုများအား ဓါတ်ခွဲစစ်ဆေးမှုအကန့်အသတ်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံများတွင် ဆောင်ရွက်ကြောင်း တွေ့ရှိရကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “Quarantine (၁၄) ရက်လွန်မှ ရောဂါ လက္ခဏာ ပြသူတွေတွေ့ရလို့ စိတ်ချရအောင် quarantine ကို (၂၁) ရက်ထိ တိုးရပါမယ်။ အိမ် quarantine မှာရှိနေသူတွေလည်း မပေါ့ဆကြဖို့ သတိပေးလိုက်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ညွှန်ကြားချက် တွေကို အသေအချာ လေ့လာလိုက်နာပါ။”ဟု ယနေ့ ဧပြီ ၁၁ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေး ရေးသား ဖော်ပြခဲ့သည်။

ထို့အတူ ထိုင်းနိုင်ငံဘက်မှ ပြည်သူများ အလုံးအရင်းဖြင့် ပြန်လာသည်မှာ နှစ်ပတ်ကျော်သွားပြီ ဖြစ်ကြောင်း ၊ အရေအတွက်အားဖြင့် ယနေ့ထိ တစ်သိန်းခွဲကျော်သွားပြီ ဖြစ်ကြောင်း ၊ ရောဂါ ကူးစက်ထားသူများ နောက်အပတ်အတွင်း ပေါ်လာမည် ဖြစ်ကြောင်း ၊ မည်မျှအထိ များမည်ကို ခန့်မှန်း၍ မရသေးကြောင်း ၊ အစိုးရ အနေဖြင့် ပြည်သူတစ်ယောက်ချင်းကို တန်ဖိုးထားပြီး အကောင်းဆုံး စောင့်ရှောက်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း ၊ တည်တည်ငြိမ်ငြိမ်၊ စည်းကမ်းလိုက်နာခြင်းဖြင့် ပြည်သူအားလုံး ကူညီပေးကြပါရန် ၎င်းက ထည့်သွင်း ရေးသားထားသည်။ “အစိုးရရဲ့ ပန်ကြားချက်အရ ပြန်ဝင်လာ ဖို့ စောင့်နေ ကြတဲ့ ထိုင်းနယ်စပ်က ကျွန်မတို့ ပြည်သူတွေကို ထိုင်းနိုင်ငံရဲ့ အရေးပေါ် အခြေအနေ ကြေညာချက်နဲ့ ကိုက်ညီအောင် ဧပြီ (၃၀)ရက်နေ့ အထိ စောင့်ဆိုင်းဖို့ ထပ်မံပန်ကြား
ထားပါတယ်။ ပြည်ပမှ လေယာဉ်များ ဆိုက်ရောက်မှုတားမြစ်ခြင်းကိုလည်း ဧပြီ (၃၀)ရက် ထိ တိုးလိုက်ရပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ရေးသားခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအား တိုက်တွန်းချက် တစ်စောင်အား ယနေ့ ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုက်တွန်းချက်တွင် ရောဂါပိုး‌တွေ့ရှိသူအများစုမှာ ပြည်ပမှပြန်လာသူများနှင့် ၎င်းတို့နှင့် ထိတွေ့မှုရှိသဖြင့် ရောဂါပိုး ထပ်ဆင့်ကူးစက်ခံရသူများ ဖြစ်ကြကြောင်းကို တွေ့ရှိရကြောင်း ၊ ထို့ကြောင့် မြန်မာ နိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အပြင်မထွက်ဘဲ နေအိမ်များတွင် နေထိုင်ကြရန်နှင့် မလိုအပ်သည့် ခရီးသွားလာမှုများ မပြုလုပ်ကြရန် ဒေသအလိုက် အာဏာပိုင်များကတိုက်တွန်းတားမြစ် ထားပြီး အဝေးပြေး ခရီးသည်တင် မော်တော်ယာဉ်လိုင်းအများစုသည်လည်း ရပ်နားထားကြောင်း နှင့် နယ်စပ် ဂိတ်များမှတစ်ဆင့် ဝင်ရောက် လာသူများ မှာအလွန်များပြားလှသဖြင့် ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မှု (Quarantine)ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့ပြင်ဆင်မှု များပြုလုပ် နေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ရှင်ထိုင်းနိုင်ငံ၏ ဥပဒေကို တိကျစွာလေးစားလိုက်နာလျက် ခရီးသွားလာမှုများ ရှောင်ရှား၍ မိမိတို့နေအိမ် အတွင်း၌သာ ဆက်လက်နေထိုင် ကြခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် ဝိုင်းဝန်း ကူညီ ကြပါရန် နှင့် နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် ရန် မဖြစ်မနေ လိုအပ်ပါက ထိုင်းနိုင်ငံမှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလ ကုန်ဆုံးမည့် ဧပြီ ၃၀ ရက်နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြရန် တိုက်တွန်းထားသည်။ (Xinhua)