Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့မှုရာဇဝင်ရှိသော မိသားစုဝင်တစ်ဦးထံတွင် ရောဂါပိုး တွေ့ရှိ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင် သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ (Case-008) နှင့် အနီးကပ်ထိတွေ့မှုရာဇဝင်ရှိသော မိသားစုဝင်တစ်ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၁၀ ရက် ၊ ည ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် ထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း အရေအတွက် ၂၈ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ယခု COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရသော လူနာမှာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင် သော အသက် (၆၃) နှစ်အရွယ် အမျိုးသား (၁) ဦးဖြစ်ပြီး ၎င်းမှာ ဓာတ်ခွဲအတည်ပြုလူနာ (Case-008) နှင့် အနီးကပ်ထိတွေ့မှုရာဇဝင်ရှိသော မိသားစုဝင်တစ်ဦးဖြစ်သဖြင့် မတ် ၂၈ ရက်မှစ၍ နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရှိခဲ့ကြောင်း ၊ ဧပြီ ၇ ရက်မှစ၍ ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ဧပြီ ၉ ရက်တွင် လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူနာတွင် သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါအခံရှိကြောင်းသိရှိရပြီး ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပို့ဆောင်၍ အထူးကြပ်မတ် ကုသမှုပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးရုံများတွင် လက်ရှိတွင် သီးခြား ထားရှိ ကုသမှုခံယူနေသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ၊ ဝေဘာဂီအထူးကု ဆေးရုံ ကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်သဖြင့် အဆိုပါ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ဝန်ကြီးဌာနမှ တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)