Connect with us

COVID-19 UPDATES

အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အသိအမှတ်ပြုခြင်းစနစ်တွင် မြန်မာနိုင်ငံမှ ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်းအား အသိအမှတ်ပြုထားပြီးဖြစ်

ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ်တွင် မြန်မာနိုင်ငံမှထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရွန်နစ်အထောက်အထားမှတ်တမ်းအား တရားဝင်အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ မေ ၂၀ ရက်တွင် ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၊ စီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေးဖြန့်ဝေသုံးစွဲမှုများကို ဆန်းစစ်ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများ ထုတ်ပေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အီလက်ထရွန်နစ် သတင်းအချက်အလက်စနစ်ဖြစ်သည့် Vaccination Management Information System-(VMIS) စနစ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှီးနွှယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းကူညီမှုဖြင့် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက်အထား (COVID-19 Vaccination Electronic Certificate) ထုတ်ပေးခြင်းကို ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်မှစတင်၍ အွန်လိုင်းစနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သည့် https://c19vc.moh.gov.mm မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံမှထုတ်ပေးသော ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အီလက်ထရွန်နစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) တွင်ပါရှိသည့် QR Code အား မည်သည့် Mobile Phone (သို့မဟုတ်) Tablet ဖြင့်မဆို Scan ဖတ်၍ အချက်အလက်များ ရယူနိုင်သည့်အတွက် အဆိုပါကာကွယ်ဆေးထိုးမှတ်တမ်းကို ကိုင်ဆောင်ထားပါက ကာကွယ် ဆေးထိုးနှံပြီးစီးမှုနှင့်ပတ်သက်၍ အလွယ်တကူတိုက်ဆိုင်စိစစ်နိုင်သည့်အပြင် မည်သည့်နေ့ရက်များတွင် မည်သည့်ကာကွယ်ဆေး အမျိုးအစားထိုးနှံထားကြောင်းကို အတည်ပြုချက်ရယူနိုင်ကြောင်း သိရသည်။

“အခုလို အပြန်အလှန်အသိအမှတ်ပြုထားတဲ့ အတွက် အာဆီယံနိုင်ငံအတွင်း ခရီးသွားမယ့် သူတွေအတွက် အများကြီးအကျိုးရှိပါတယ်။ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေ သတင်းစာထဲမှာထုတ်ပြန်ထားပါတယ်’’ ဟု ဒေါက်တာသန်းနိုင်စိုးကပြောသည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံက ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သည့် https://c19vc.moh.gov.mm မှတစ်ဆင့် ထုတ်ပေးသည့် COVID-19 Vacci-nation Electronic Certificate အား အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်း များ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal) တွင် တရားဝင်အသိအမှတ်ပြုနိုင်ရေးနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး (15th ASEAN HEALTH MINISTERS MEETING) တွင် အတည်ပြုပြီးဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် မေ ၁၅ ရက်မှ စတင်ကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအတွက် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရွန်နစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certifi-cate) အား ASEAN Covid-19 Vaccine Certificate Single Verification Portal ဖြစ်သော https://asean. healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117