Connect with us

WORLD

အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁သိန်း ၁သောင်းကျော်ရှိ ၊ ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄ သောင်းကျော်ရှိလာ

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ်(Photo by Wang Ying/Xinhua)

ပေကျင်း၊နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁သိန်း ၁သောင်းကျော်ရှိကြောင်းနှင့် ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄ သောင်းကျော်ရှိလာကြောင်း နိုဝင်ဘာ ၇ ရက်အထိရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ နိုဝင်ဘာ ၇ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) ၁၆ နာရီ ၃၃ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၅၅၅,၈၇၃ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၇,၉၁၀ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၄၉,၁၀၆,၉၃၁ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၂၃၉,၁၅၇ ဦး ရှိကြောင်း သိရသည်။

 အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ်(Photo by Wang Ying/Xinhua)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် နိုဝင်ဘာ ၈ ရက် ၇ နာရီ ၂၀ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၄၉,၆၈၈,၃၅၁ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၂၄၈,၁၅၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၉,၈၃၁,၀၃၀ ဦး နှင့် သေဆုံးသူ ၂၃၆,၈၅၆ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန(CDC)၏ နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရ နိုဝင်ဘာ ၅ရက်က အမေရိကန်နိုင်ငံတစ်ခုလုံး၌ ကိုဗစ် ထပ်တိုးအတည်ပြုလူနာ ၁၁၇,၉၈၈ ဦး ရှိရာ ၎င်းမှာ တစ်ကမ္ဘာလုံးတွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာအရေအတွက် အများဆုံး စံချိန်ဖြစ်ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ပြင်သစ်တွင် ပြီးခဲ့သည့် ၂၄ နာရီက ကိုဗစ်-၁၉ကြောင့် ထပ်တိုးသေဆုံး ၃၀၆ ဦးရှိခဲ့ရာ စုစုပေါင်း သေဆုံးသူဦးရေ ၄ သောင်းကျော် (၄၀,၁၆၉ ဦး) နှင့် စုစုပေါင်း အတည်ပြုလူနာ ၁,၇၄၈,၇၀၅ ဦး ရှိကြောင်း သိရသည်။ ကျန်းမာရေးအရေးပေါ်အခြေအနေကာလထပ်တိုးရန် ပြင်သစ်အမျိုးသားလွှတ်တော်က နိုဝင်ဘာ ၇ ရက်တွင် အတည်ပြုခဲ့ရာ အရေးပေါ်ကာလကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်အထိ ထပ်တိုးမည် ဖြစ်ကြောင်း သိရသည်။

 အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ်(Photo by Wang Ying/Xinhua)

ဒိန်းမတ်နိုင်ငံ မွေးမြူရေး မြွေပါကောင်တွင် နောက်ဆုံးတွေ့ရှိရသော ဗီဇပြောင်းလဲမှုရှိသည့် ကိုရိုနာဗိုင်းရပ်စ်သည် အနာဂတ် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ရာတွင် သက်ရောက်မှုရှိမရှိကိုမူ လက်ရှိတွင် သက်သေအထောက်အထားမတွေ့ရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင်များက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် social distance မူဝါဒသစ်ကို စတင်တရားဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းနိုင်ငံဗဟို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနချုပ်က နိုဝင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။ အသစ်ပြဋ္ဌာန်းသည့် သတ်မှတ်ချက်များအရ နိုင်ငံအတွင်း ဒေသများစုကို ကပ်ရောဂါထိန်းချုပ်ရေး အဆင့်(၁)ဖြင့် ထားရှိမည်ဖြစ်သည်။ ထိုအဆင့်တွင် မိတ်ဆုံစုဝေးခြင်းများ လုပ်ဆောင်နိုင်ကာ လူ ၅၀၀ နှင့်အထက် ပွဲများတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ခြင်းနှင့် သက်ဆိုင်ရာ ဝန်ထမ်းများက အများသုံးအဆောက်အဦများကို ပုံမှန်ပိုးသတ်ခြင်း၊ လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ကပ်ရောဂါပြန့်ပွားလာမှုကြောင့် မြို့တော် ကွာလာလမ်ပူစသည့်ဒေသများတွင် ကျင့်သုံးနေသော အသွားအလာကန့်သတ်မှုအစီအမံများကို ကျန်ဒေသများတွင် တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံအစိုးရက နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံ ဝန်ကြီးအဆင့်အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်မည့်ဝန်ကြီးချုပ် Zoran Tegeltija သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လက်ရှိ အိမ်၌ သီးခြားခွဲနေထိုင်လျက်ရှိကြောင်း ယင်းအစည်းအဝေးက နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၇ ရက် သတင်းများအရ ယင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ ၁၀,၇၄၆ဦး ရှိရာ ၎င်းမှာပထမဆုံးအနေဖြင့် တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေ ၁သောင်းကျော်ဖြစ်ကြောင်း သိရသည်။ ယူကရိန်းနှင့် အိမ်နီးချင်းနိုင်ငံ ဆလိုဗက်ကီးယားတွင် ကိုဗစ် ကပ်ရောဂါအခြေအနေဆိုးဝါးလာခြင်းကြောင့် နှစ်နိုင်ငံ နယ်စပ်ကာကွယ်ရေးဌာနများက နယ်စပ်ဂိတ်အချို့ကို နိုဝင်ဘာ ၉ ရက်မှစ၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)