Connect with us

WORLD

ရောဂါကပ်ဘေးကြောင့် အမေရိကန်တွင် စားသောက်ဆိုင်လုပ်ငန်းများ အကြီးအကျယ်အထိနာ၊ ဆုံးရှုံးနစ်နာမှု ကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရှိ 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်တွင် ဆေးဝန်းထမ်းတစ်ဦးက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပြုလုပ်ပေးနေသည်ကို ဇူလိုင် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) 

COVID-19ကပ်ရောဂါကြောင့် အမေရိကန်ရှိ စားသောက်ဆိုင်လုပ်ငန်းများ အကြီးအကျယ်အထိနာလျက်ရှိရာ စားသောက်ဆိုင်များစွာ မဖြစ်မနေ လုံးဝပိတ်သိမ်းလိုက်ရကြောင်း သိရသည်။

စားသောက်ဆိုင်လုပ်ငန်းများသည် ကပ်ရောဂါကာလတွင် ဆုံးရှုံးမှု ဖြစ်ပေါ်သော အဆိုးဝါးဆုံးလုပ်ငန်းများအနက်တစ်ခုဖြစ်ရာ ယခုနှစ်နှစ်ကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၂၄၀ ဘီလီယံ ထိ ဆုံးရှုံးနစ်နာမည်ဖြစ်ကြောင်း အမေရိကန် စားသောက်ကုန်လုပ်ငန်းအသင်း၏ ပြောကြားချက်ကို ကိုးကား၍ AFPသတင်းက ဩဂုတ် ၂ ရက်တွင် ဖော်ပြခဲ့သည်။ 

ရှေ့သို့ဆက်လှမ်းရန် ခက်ခဲနေ 

Gabriel Gordonနှင့်သူ့ဇနီး လုပ်ကိုင်သည့် စားသောက်ဆိုင် နှစ်ဆိုင်နှင့် ဘီယာ စက်ရုံ ၃ ရုံရှိရာ စီးပွားရေးအေးစက်မှုကြောင့် နှစ်ပေါင်းများစွာလုပ်ကိုင်လာသည့် ကယ်လီဖိုးနီးယားပြည်နယ် Seal Beachရှိ စားသောက်ဆိုင်တစ်ခုကို ပိတ်သိမ်းခဲ့ရကြောင်း ဩဂုတ် ၂ ရက် AFP သတင်းများအရ သိရသည်။ 

“ဒီစားသောက်ဆိုင်လေးက ကျွန်တော့်တို့ဘဝကို အဆင်ပြေလာစေခဲ့တဲ့ ကျွန်တော်တို့ စီးပွားရေးရဲ့အစပါ။အခုလို ပိတ်သိမ်းလိုက်ရတဲ့အတွက်လည်း စိတ်နှလုံးကြေကွဲရပါတယ်။ဒါကလည်း မလွှဲသာမရှောင်သာလို့ပါ”ဟု  Gabriel Gordonက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စားသောက်ဆိုင်တစ်ခုအား ဇူလိုင် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အသက် ၆၂  အရွယ် Madelyn Alfano က လော့စ်အိန်ဂျယ်လိစ်တွင် ဆိုင်ခွဲများဖွင့်လှစ်ထားရာ ကပ်ရောဂါကာလတွင် ဆိုင်နှစ်ဆိုင် ပိတ်သိမ်းခဲ့ရသည်။ “မိသားစုဝင်တစ်ယောက် ဆုံးရှုံးလိုက်သလိုပါပဲ။ ဒါက ကျွန်မတစ်ဘဝလုံး တစ်တပ်တစ်အား စုဆောင်းထားတာတွေပါ။ဒီလိုလုပ်တာကလည်း လူနာတစ်ယောက်ကို ဆရာဝန်က ခြေထောက်ဖြတ်မှ အသက်ဆက်ရှင်နိုင်မယ်လို့ ပြောထားတာနဲ့တူပါတယ်။ ”ဟု ဆိုသည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ နာမည်ကျော် ပီဇာဆိုင်တစ်ခုအား ဇူလိုင် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကပ်ရောဂါကာလ စီးပွားရေးအခြေအနေသည် ၅၀ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း၊ အခြား စားသောက်ကုန်လုပ်ငန်းများကဲ့သို့ပင် ပြောင်းလဲမှုအသစ်များကို အမြန်ဆုံး လိုက်လျောညီထွေး ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ကပ်ရောဂါ၏ဂယက်လှိုင်းက အသေးစား စားသောက်လုပ်ငန်းများကို တိုက်စားရုံသာမက ဆိုင်ခွဲများစွာ ဖွင့်လှစ်ထားသည့် နာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းကြီးများကိုပါ ရိုက်ခတ်လာသည်။ အမေရိကန်၏ နာမည်ကျော် Fast food ဆိုင်ကြီးဖြစ်သည့် McDonald’s ကလည်း အမေရိကန်နိုင်ငံရှိဆိုင်ပေါင်း ၁၄,၀၀၀ အနက် ဆိုင်ပေါင်း ၂၀၀ ကို ယခုနှစ်တွင် လုံးဝပိတ်သိမ်းမည်ဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်က ပြောကြားခဲ့သည်။ 

ကပ်ရောဂါဂယက်လှိုင်း၏ ရိုက်ခတ်မှု ကျယ်ပြန့် 

COVID-19ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ဇူလိုင် ၁၀ ရက် အထိ အမေရိကန်နိုင်ငံရှိ စားသောက်ဆိုင်ပေါင်း ၂၆,၁၆၀ ရပ်နားခဲ့ရပြီး ၎င်းတို့အနက် ၆၀ရာခိုင်နှုန်းမှာ လုံးဝ ပိတ်သိမ်းခဲ့ရကြောင်း Yelpကုမ္ပဏီ၏ ကိန်းဂဏန်းများအရ သိရသည်။

 အမေရိကန်နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းအသင်း ပြည်သူ့ဆက်ဆံရေး ဒုတိယဥက္ကဋ္ဌ Sean Kennedyက “ဒီလုပ်ငန်းအတွက်ပြောရမယ်ဆိုရင် တကယ့်ကို ကပ်ဆိုက်တာပါပဲ။ ကျွန်တော်တို့က ပထမဆုံးရပ်နားလိုက်ရတဲ့လုပ်ငန်းဖြစ်သလို ကပ်ရောဂါကာလမှာ နောက်ဆုံးမှ ပြန်လည်နလံထနိုင်မယ့် လုပ်ငန်း ဖြစ်နိုင်တယ်”ဆိုသည်။ 

ကယ်လီဖိုးနီးယားပြည်နယ် စားသောက်ဆိုင်လုပ်ငန်းအသင်း၏ ကိန်းဂဏန်းများအရ ကပ်ရောဂါမတိုင်မီ လူပေါင်း ၁.၄သန်းခန့်သည် ယင်းလုပ်ငန်းများကို မှီခိုလုပ်ကိုင်နေကြခြင်းဖြစ်ရာ ပြီးခဲ့သော ၄ လတာ ကာလအတွင်း လူပေါင်း ၁ သန်းခန့် အလုပ်မှရပ်နားခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ် စားသောက်ဆိုင်လုပ်ငန်းအသင်း ပြည်သူ့ဆက်ဆံရေး ဒုတိယဥက္ကဋ္ဌ Sharokina Shamsက “ကယ်လီဖိုးနီးယားမှာရှိတဲ့ စားသောက်ဆိုင် ၃၀ ရာခိုင်နှုန်းလောက်က ကပ်ရောဂါကြောင့် လုံးဝ ပိတ်သိမ်းရမယ်လို့ ခန့်မှန်းရတယ်။ အရင် ကြုံတွေ့ခဲ့ရတဲ့ အကျပ်အတည်းက ၂၀၀၈ ခုနှစ် စီးပွားရေးကျဆင်းမှု နဲ့ ၂၀၀၁ ခုနှစ် ဖြစ်ပွားခဲ့တဲ့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီး နှစ်နှစ် သုံးနှစ်ကြာမှ နလံထူတာပေါ့ ။ ဒါပေမဲ့ ဒီတစ်ကြိမ် အခက်ခဲကတော့ အရင်ကထက်အများကြီး ဆိုးပါတယ်”ဟု ပြောကြားခဲ့သည်။

အကျိုးအမြတ်နည်းခြင်းကြောင့်လား 

စားသောက်ကုန်လုပ်ငန်းများအနေဖြင့် COVID-19 ကပ်ရောဂါဂယက်လှိုင်း၏ သက်ရောက်မှုကို ခံနိုင်ရေမရှိသည့် အကြောင်းအရင်းတစ်ခုမှာ အမြတ်အစွန်းနည်းခြင်းကြောင့်ဖြစ်ပြီး လုံလောက်သည့်ငွေကြေးစုဆောင်းထားမှုမရှိခြင်းကြောင့်ဖြစ်သည်ဟု  အမေရိကန်နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းအသင်း ပြည်သူ့ဆက်ဆံရေး ဒုတိယဥက္ကဋ္ဌ Sean Kennedyက အစိုးရက အတိုင်းအတာတစ်ခုအထိ ကူညီထောက်ပံ့လျက်ရှိသော်လည်း စားသောက်ဆိုင်အများစုက ကပ်ရောဂါဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင် ထောက်ပံ့ရန်မှာ ခဲယဉ်းကြောင်း သိရသည်။ 

“သာမာန်အားဖြင့် စားသောက်ဆိုင်တွေရဲ့အမြတ်က ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိဖြစ်ပြီး လက်ထဲက ငွေသားကလည်း ၁၆ ရက်ကြာသာ တောင့်ခံနိုင်တဲ့အနေအထားမျိုးပါ။ COVID-19ကပ်ဆိုက်တော့ စားသောက်ဆိုင်သူဌေးတွေကလည်း အခန်းနေရာငှားရမ်းခ ၊ ရေဖိုးမီးဖိုး ၊ အခြေအနေသစ်ကိုရင်ဆိုင်ဖို့ နည်းလမ်းရှာရပါတယ်။ 

ဆိုင်တော်တော်များများအတွက်ပြောရင် လုံးဝပိတ်သိမ်းလိုက်တာက နည်းလမ်းအဖြေဖြစ်နေတယ်” Sean Kennedyက ဆိုသည်။ Seal Beach ရှိ စားသောက်ဆိုင်တစ်ခုအား ပိတ်သိမ်းလိုက်ရသည့် Gabriel Gordonက  ကပ်ရောဂါသည် ၎င်းနှင့်၎င်း၏လုပ်ငန်းတူများအတွက် ယခင်ကလုပ်ငန်းလည်ပတ်သည့်ပုံစံကို ပြောင်းလဲရမည်လားဆိုသည်ကို စဉ်းစားစရာဖြစ်စေခဲ့ကြောင်း ပြောကြားသည်။ “ကျွန်တော်တို့ထဲက လူတော်တော်များများကတော့ တစ်ပတ်ကို ခြောက်ရက်ခုနှစ်ရက်လောက် ဆိုင်ဖွင့်ဖို့လိုလားလို့ မေးကြတယ်။ ဒါကလည်း ကျွန်တော်တို့ ပြန်စဉ်းစားရမယ့်အရာတစ်ခုပါ။ ” ဟုဆိုသည်။(Xinhua) 

  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.