Connect with us

Agriculture

ဥပဒေများ ၊ နည်းဥပဒေများဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိဟု နိုင်ငံတော် သမ္မတ ပြောကြား 

မကွေးတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းခွင် တစ်ခုတွင် လုပ်ကိုင်နေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

တောင်သူလယ်သမားများ၏ လူမှုစီးပွား တိုးတက်ရေး၊ အခွင့်အရေးကာကွယ်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတို့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့်အတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအပါအဝင် စိုက်ပျိုးမွေးမြူရေးကဏ္ဍဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေ များဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ မတ်လ ၂ ရက်တွင် ကျရောက်သော မြန်မာနိုင်ငံ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပပို့ကုန် မြှင့်တင်နိုင်ရေးနှင့် စက်မှုဖွံ့ဖြိုးရေးတို့ အရေးကြီးသည့်နည်းတူ စားနပ်ရိက္ခာ ဖူလုံရေးသည်လည်း အရေးကြီးကြောင်း ၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ(၁၂)ရပ်တွင် “ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပြည်ပပို့ကုန် မြှင့်တင် နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာတိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ၊ ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံဖော်ထုတ်ရန်” ကို မူဝါဒတစ်ရပ်အဖြစ် ချမှတ်ထားပြီး ဘက်ပေါင်းစုံ မှ ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူများသည် ကျန်းမာရေး အသိအမြင် ကြွယ်ဝလာသည့်အလျောက် ဘေးကင်းလုံခြုံမှုရှိသည့် အစားအစာများကို အလေးထားစားသုံးကြလျက်ရှိရာ ပြည်တွင်း၊ ပြည်ပတွင် ရောင်းချသည့် လယ်ယာထွက်ကုန်များ၏ အရည်အသွေးပြည့်မီရေး၊ အဆင့်အတန်း မြင့်မားရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ လိုအပ်လာကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင် တုံ့ပြန်နိုင်စွမ်း အားကောင်းရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့များ ပူးပေါင်း၍ အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ကိုင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 တောင်သူလယ်သမားမိသားစုများ၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ပေးလျက် ရှိသဖြင့် နိုင်ငံ၏ ရေရှည်အကျိုးစီးပွားအတွက် ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများ၊ အတားအဆီးများနှင့် အခက်အခဲ မှန်သမျှတို့ကို ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်း လက်တွဲဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းကြောင်း နိုင်ငံတော် သမ္မတက သဝဏ်လွှာတွင် ဖော်ပြထားသည်။ (Xinhua)