Connect with us

Agriculture

ရှမ်းပြည်နယ် အတွင်း ပထမဆုံး အကြိမ် အဖြစ် စိုက်ပျိုးရေး စုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ် စိုက်ပျိုးရေး စုံညီပွဲတော်ရှိ ပြခန်း တစ်ချို့အား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ၊ ကလော မြို့နယ် ၊ အင်းခေါင်း ကျေးရွာ ၊ ဟဲဟိုး ဥယျာဉ်ခြံ၌ ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agriculture Symposium)အား ဒီဇင်ဘာ၂၂ရက်မှ ၂၄ ရက် အထိ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ တောင်သူ လယ်သမားများ ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် စိုက်ပျိုးရေးစုံညီပွဲတော်ကို ရေရှည်တည်တံ့သည့် လယ်ယာ ကုန်ထုတ်လုပ်မှု စနစ်ထွန်းကားစေရန် ၊ လယ်ယာထုတ်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက် ရရှိစေရန် ၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများကို တောင်သူများ ပိုမိုသိရှိနားလည် အသုံးပြု တတ်လာပြီး ထုတ်လုပ်မှု တိုးတက် စေရန်၊ တောင်သူများလူမှုဘဝဖွံ့ဖြိုး တိုးတက်မှုမှ ရှမ်းပြည်နယ် တစ်ခုလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်သော ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

စိုက်ပျိုးရေးစုံညီပွဲတော်က တစ်ဆင့် ပြည်နယ်အနှံ့အပြားတွင်ရှိသည့် စိုက်ပျိုးထုတ်လုပ်သူများသည် စိုက်ပျိုး သည်မှ ထုတ်လုပ်ရောင်းချ နိုင်သည်အထိ ကွင်းဆက်များအားလုံး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုး ထုတ်လုပ်မှု ယခုထက် ကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်လာမည်ဟု လည်းမျှော်လင့်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော်တွင် ကွင်းအမှတ်(၁)၌ စိုက်ပျိုးရေးသုတေသနခြံ ၁၀ ခြံမှ သုတေသန စိုက်ခင်း များ ၊ မျိုးစေ့ကုမ္ပဏီ၁၃ခုမှ မျိုးစေ့ပြခန်းများ၊သီးနှံအမျိုးအစား၃၈မျိုး၊ သစ်ခွနှင့် ဘွန်စိုင်း၊ ပျိုးပင်အရောင်းဆိုင်ပြခန်း ၅ခန်း ကိုလည်းကောင်း၊ ကွင်းအမှတ်(၂)တွင် ဝန်ကြီးဌာန ပြခန်း၂၀ ၊ သဘာ၀မြေဩဇာပြခန်း၁၃ခန်း ၊ ဓာတ်မြေဩဇာ ၊ မျိုးစေ့နှင့်စိုက်ပျိုးရေး သုံးဆေးပြခန်း ၃၂ခန်း ၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီပြခန်း ၅၉ ခန်း ကို လည်းကောင်း ၊ ကွင်းအမှတ် (၃)တွင် မွေးမြူရေးနှင့် ပတ်သက်သည့် ပြခန်း ၁၅ခန်း ကိုလည်းကောင်း၊ ကွင်းအမှတ် (၄) တွင် လယ်ယာသုံး စက်ကိရိယာပြခန်း ၃၆ခန်းကိုလည်းကောင်း ခင်းကျင်းပြသထားရာ စုစုပေါင်းပြခန်းပေါင်း ၁၈ဝကို ခင်းကျင်း ပြသထားကြောင်း သိရသည်။

ထို့ပြင် မှိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နည်း ပညာပေးသင်တန်း၊ Greenovator Mobile Application အသုံးပြုနည်း သင်တန်း ၊ သီးနှံအလိုက်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နည်းသင်တန်း၊ အထွက်တိုး Mobile Application အသုံးပြုနည်း သင်တန်း၊ သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့် ကောင်းများ(GAP) သင်တန်း၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေအကြောင်း ပညာပေး သင်တန်း၊ နှစ်ရှည်သီးနှံကိုင်းကူး/ ကိုင်းဆက်သင်တန်း၊ ရော်ဘာပင် များတွင် မှိုရောဂါ ကျရောက်မှုနှင့် ပတ်သက်၍ ပညာပေးသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး စာတမ်း ဖတ်ပွဲကို လည်းထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117