Connect with us

Agriculture

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား အတိုးနှုန်းလျှော့ချပြီး မေလ တတိယအပတ်တွင် စတင်ထုတ်ချေးမည်

စပါးစိုက်တောင်သူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အတိုးနှုန်းလျော့ချကာ မေလ ၁၅ ရက်မှ စတင်ပြီး ထုတ်ချေးပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့်  စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ချေးငွေထုတ်ချေးရာတွင် ချေးငွေနှုန်းထားသည် ယခင်နှစ်အတိုင်း တစ်ဧကလျှင် ၁၅၀,၀၀၀ကျပ်ဖြစ်ပြီး တောင်သူများအတိုးနှုန်းသက်သာစေရန် ယခင် အတိုးနှုန်း တစ်နှစ်လျှင် ၈ရာခိုင်နှုန်းအစား တစ်နှစ် ၅ရာခိုင်နှုန်းသို့ လျှော့ချပေးလိုက်ကြောင်း သိရသည်။

“ အတိုးနှုန်းလျှော့ပေးလိုက်တာရယ် ပြန်ဆပ်မယ့်ကာလနောက်ဆုတ်ပေးပြီး ဒဏ်ကြေးမရိုက်တော့တဲ့အတွက် ဦးလေးတို့အတွက် အသက်ရှူချာင်တယ်ပြောရမယ်၊ ဒီကြားထဲ ရာသီဥတုလေးမဖောက်ဖို့ပဲ လိုတယ်၊ တောင်သူဆိုတော့ ချေးလိုက် စိုက်လိုက် အကြွေးဆပ်လိုက်နဲ့ပဲ လည်နေတာ” ဟု ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင် လယ်ဧက ၁၅ဧကကျော် ပိုင်ဆိုင်ထားသူ ဦးအေးဝင်းက ပြောသည်။

မိုးစပါးချေးငွေကို ချေးငွေဟောင်းဆပ်ပြီးသူများကိုသာ ချေးငွေသစ်ထုတ်ချေးမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နေသည့် ကာလဖြစ်၍ ချေးငွေပေးဆပ်သူ တောင်သူများအဆင်ပြေစေရန် ၂၀၁၉ခုနှစ် မိုးချေးငွေပေးဆပ်မှုကိုလည်း ၂၀၂၀ ပြည့်နှစ် မေလကုန်အထိ တိုးမြှင့်လက်ခံမည်ဖြစ်ပြီး မေလအကုန်ထိ ပေးဆပ်တောင်သူမျ ားကို ဒဏ်တိုးကောက်ခံမှုကို ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀မြို့နယ်အတွက် ယခင်နှစ် မိုးစပါးရာသီတွင် မိုးစပါးဧကပေါင်း ၃သောင်းနီးပါးကို ငွေကျပ် ၄၂ ဘီလီယံကျော် ချေးငွေထုတ်ချေးခဲ့ကြောင်း  ၊ အဆိုပါ ထုတ်ချေးငွေကျပ် ၄၂ ဘီလီယံကျော် ပြန်လည်မရရှိသေးကြောင်း မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာက ဦးကျော်စွာလှိုင်က ဆိုသည်။

၂၀၁၈ ခုနှစ် မိုးချေးငွေကို နောက်ဆုံး ပြန်လည်ပေးဆပ်ရန်ကာလ ကို ၂၀၁၉ခုနှစ် ဧပြီ ၁၅ရက် ဟု သတ်မှတ်ခဲ့သော်လည်း ဧပြီလကုန်အထိ ပေးဆပ်မှုအနေအထား ၅၆ ရာခိုင်နှုန်းသာ ရရှိပြီး ဇွန်လကုန်အထိ ကောက်ခံမှသာ ၈၂ ရာခိုင်နှုန်းကို ပြန်လည်ကောက်ခံရရှိသည့် အခြေအနေရှိကြာင်း၊ မြန်မာ့စီးပွားရေးဘဏ်ကို အချိန်စေ့ပြီး ငွေအကျေမဆပ်နိုင်ပါက မြန်မာ့ စီးပွားရေးဘဏ်မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ချေးငွေထပ်မံခွင့်ပြုပေးရန် အခက်အခဲ ရှိကြောင်း၊ တောင်သူလယ်သမားများထံမှ ပေးဆပ်ရန် ကျန်နေသည့်  ဆောင်း၊ မိုးကြို၊ မိုး ချေးငွေ စုစုပေါင်းကျပ်ဘီလံယံပေါင်း ၂၉၂ဘီလီယံကျော်ကျန်ရှိနေကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၁၆-၂၀၁၇ ခုနှစ်မှ စ၍ စပါးချေးငွေနှုန်းထားကို တစ်ဧကကျပ် (၁) သိန်းမှ (၁) သိန်းခွဲသို့ လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ် (၂) သောင်းမှ (၅) သောင်းသို့လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ် (၅) သောင်းမှ (၁) သိန်းသို့လည်းကောင်း ချေးငွေနှုန်းထား (၃) ကြိမ် တိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.