Connect with us

Culture & Entertainment

ကရင်ရိုးရာ တာလပေါ့ဟင်းချက်ပြိုင်ပွဲနှင့် ကရင်ရိုးရာ အစားအသောက်ပြပွဲ ပထမဆုံးအကြိမ် ကျင်းပ

ဟင်းချက်ပြိုင်ပွဲကျင်းပစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ပထမဆုံးအကြိမ် ကရင်ရိုးရာ တာလပေါ့ဟင်းချက်ပြိုင်ပွဲနှင့် ကရင်ရိုးရာ အစားအသောက်ပြပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ပထမအကြိမ် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ကရင်တိုင်းရင်းသားတို့၏ ရိုးရာအစားအစာများကို တန်ဖိုးထား စားသောက်လာစေရန်နှင့် ထိန်းသိမ်းရန်၊ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များအား ကရင်တိုင်းရင်းသားတို့၏ ရိုးရာအစားအသောက်များဖြင့် ဈေးကွက် ထိုးဖောက်၍ စီးပွားရေးအခွင့်အလမ်းများရယူရန်၊ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ဗဟို)မှ ပုဂံတွင် ကျင်းပမည့် ရိုးရာအစားအစာပြိုင်ပွဲသို့ ကရင်တိုင်းရင်းသားတို့၏ ရိုးရာတာလပေါ့ဟင်းနှင့် အစားအသောက်များဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ရည်ရွယ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲနှင့်ပြပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင် များအသင်း(ကရင်ဇုန်)နှင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(ကရင်ဇုန်)တို့ ပထမအကြိမ် ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင် များအသင်း(ကရင်ဇုန်) ဥက္ကဋ္ဌ ဦးအောင်မျိုးသန့်၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင် များအသင်း (ကရင်ဇုန်) ဥက္ကဋ္ဌ ဦးအောင်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တာလပေါ့ဟင်းချက်ပြုတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အသင်း(၁၆)သင်း ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ယှဉ်ပြိုင်ချက်ပြုတ်နေမှုများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကရင်ရိုးရာတာလပေါ့ဟင်းသည် ကရင်တိုင်းရင်းသားများ အမြတ်တနိုးထားသည့် ဓလေ့ရိုးရာ ဟင်းလျာတစ်မျိုး ဖြစ်ပြီး ထမင်းအစား ဆန်နှစ်မှုန့်ဖြင့် အသားငါးတစ်မျိုးမျိုး၊ အသီးအရွက် မျိုးစုံထည့်၍ ရောနှောချက်ပြုတ်ရသော ဟင်းလျာ တစ်မျိုးဖြစ်ကြောင်း၊ ကရင်တိုင်းရင်းသားများသည် မြစ်ချောင်းများနှင့် တောတောင်ထူထပ်သော နေရာဒေသများတွင် နေထိုင်ကြသည့်အတွက် တာလပေါ့ဟင်းချက်ပြုတ်ရာတွင် ဒေသထွက် အသီးအနှံနှင့် သားငါးများကို အဓိက ထည့်သွင်း ချက်ပြုတ်ကြကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲတွင် မုက္ကဒိကျေးရွာမှ ပထမ၊ Thai Village စားသောက်ဆိုင်မှ ဒုတိယ၊ SKY-1+3 မှ တတိယ ဆုများ ရရှိခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

ဆက်လက်၍ ကရင်ရိုးရာ အစားအသောက်ပြပွဲကို ကတတ်ဟင်းချို၊ ကြက်ကရင်ချက်၊ ကတက်မုန့်၊ ခွေးအိ ညွှန့်မုန့်၊ ကရင်မုတ်ဆိုးဟင်း၊ ခရမ်းကဆော့နှင့် ငါးပိထောင်း၊ ကရင်ရိုးရာခေါင်ရည်၊ ဇကောထမင်း အစရှိသည့် ကရင် ရိုးရာအစားအသောက်များဖြင့် ခင်းကျင်းပြသခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.