Connect with us

Culture & Entertainment

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှနှစ် ၁၀၀ သက်တမ်းရှိ အဆောက်အအုံကို ပြုပြင် ထိန်းသိမ်းခြင်း စတင်

ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်း အဆောက်အအုံ တစ်လုံး (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် Turquoise Mountain NGO တို့ ပူးပေါင်းကာ နှစ် ၁၀၀ ကျော် သက်တမ်းရှိ အဆောက်အအုံ တစ်ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင် ခွင့်ပြုချက်ဖြင့် ထိန်းသိမ်း ပြုပြင်ခြင်းအား စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယနေ့ သတင်း ထုတ်ပြန်သည်။

စီမံကိန်းတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်း အမှတ် (၄၉၁/၅၀၁) တွင် တည်ရှိသော နှစ် ၁၀၀ ကျော် သက်တမ်းရှိပြီး စီးပွားရေး လုပ်ငန်းများနှင့် လူနေ အိမ်ခန်းများ ပါဝင်သည့် အဆောက်အအုံ တစ်ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင် ခွင့်ပြုချက်ဖြင့် ထိန်းသိမ်း ပြုပြင် နေခြင်းဖြစ်သည်။ ရန်ကုန်မြို့လယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သဘောတူ ဆုံးဖြတ်သည့် လုပ်ငန်းစဉ်၌ အစိုးရနှင့်အတူ ပြည်သူ လူထု ပေါင်းစပ် ပါဝင်နိုင်ရန်နှင့် ရန်ကုန်မြို့အား အာရှတွင် နေချင်စဖွယ် အကောင်းဆုံး မြို့များအနက် တစ်မြို့ဖြစ် လာစေရေး ဆောင်ရွက်ရာတွင် ထူးခြားစွာ ပိုင်ဆိုင်ထားသည့် မြို့ပြ အမွေအနှစ်များအား ပေါင်းစပ် ထိန်းသိမ်း နိုင်စေရန် ရည်ရွယ်ချက်ဖြင့် စီမံကိန်းကို အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အဆောက်အအုံသည် ရန်ကုန်မြို့လယ်ရှိ အဆောက်အအုံများ အများစု ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အဆောက်အအုံ တစ်လုံး ဖြစ်ပြီး၊ အဆောက်အအုံ အတွင်းပိုင်း ခမ်းနား သကဲ့သို့ သက်ဝင် လှုပ်ရှားသော လူမှုဘဝ ဝန်းကျင်တွင် တည်ရှိသော်လည်း ကြံ့ခိုင်မှု အားနည်းလျက်ပြီး မူလ လက်ရာနှင့် မကိုက်ညီသော ပြင်ဆင်တိုးချဲ့မှု များကြောင့် အလျှင်အမြန် ပြုပြင်ရန် လိုအပ်လျက် ရှိကြောင်း ၊ယင်း အဆောက်အအုံ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းကို နိုင်ငံတကာ အဆင့်မီ လုပ်ဆောင်သွားမည် ဖြစ်ကာ မြို့လယ်ရှိ အခြားသော အမွေအနှစ် အဆောက်အအုံများအား လက်ရာ မပျက် ပြုပြင် ထိန်းသိမ်းခြင်းကို နမူနာ အဖြစ် ပြသနိုင်မည် ဖြစ်သည့် အပြင် ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အရေးပါသော လုပ်ငန်းခွင် သင်တန်းအဖြစ် ပြသ ပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ သိရသည်။

ထို့ကြောင့် အဆိုပါ စီမံကိန်းမှ ရရှိလာသော အောင်မြင်မှုနှင့် သင်ခန်းစာများကို မြို့လယ် တဝိုက် အဆောက် အအုံများ ထိန်းသိမ်း ပြုပြင်ရာတွင် ပြန်လည် အသုံးချနိုင်မည်ဟု မျှော်လင့် ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင်ကာ ကိုးလတာ ကြာမြင့်မည် ဖြစ်ပြီး စီမံကိန်းအတွက် ရန်ပုံငွေကို ဝေလ မင်းသား ဖောင်ဒေးရှင်း၊ ကနေဒါနိုင်ငံ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနနှင့် Global Heritage Fund မှ တဆင့် Alphawood ဖောင်ဒေးရှင်းတို့က ထည့်ဝင်ထားသည်။

ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို အထင်ကရ ဖြစ်သည့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပြုပြင် မွမ်းမံရေးလုပ်ငန်း တွင် ပါဝင်လုပ်ဆောင်နေသည့် ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သော Myanmar Integrated Engineering Group နှင့် ပူးပေါင်း အကောင်အထည် ဖော်လျက်ရှိကြောင်း သတင်းရရှိသည်။ (Xinhua)