Connect with us

Culture & Entertainment

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် တတိယမြောက် ဂဝံထုတ်လုပ်လုပ်ရာ ယဉ်ကျေးမှုဒေသအဖြစ် သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြထားကြောင်းဆို

ဂဝံထုတ်လုပ်ရာယဉ်ကျေးမှုဒေသ အဖြစ်သတ်မှတ်မည့်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ--တနင်္သာရီတိုင်းဒေသကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ နာခံတောကျေးရွာ၊ ရပ်ခံတောင်ဘုရားအနီးတွင် ဂဝံယဉ်ကျေးမှုထွန်းကားခဲ့သောနေရာအား တွေ့ရှိရသောကြောင့် ၎င်းနေရာအား တတိယမြောက်ဂဝံထုတ်လုပ်ရာယဉ်ကျေးမှုဒေသ အဖြစ်သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၃ ရက်တွင်ပြောသည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း စိတ်ဝင်စားပါတယ်။ ဂဝံထုတ်လုပ်ရာယဉ်ကျေးမှုဒေသ အဖြစ်သတ်မှတ်ဖို့ ဘာကြောင့်တင်ပြရသလဲဆိုတော့ ဂဝံထုတ်လုပ်တဲ့ ဒေသက မြန်မာနိုင်ငံမှာ လက်ရှိမွန်ပြည်နယ် သုဝဏ္ဏဘူမိက ပထမ၊ နောက်တစ်ခုက ရန်ကုန်တိုင်းဒေသကြီးက ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာမှာ ဒုတိယ၊ အခု ကျွန်တော်တို့က တတိယမြောက် နေရာဖြစ်တယ်။ ဒါကြောင့် ဂဝံထုတ်လုပ်ရာ ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ပေးဖို့ ခွင့်ပြုချက်တောင်းရတာဖြစ်ပါတယ်’’ ဟု ဦးခင်မောင်စိုးက ပြောသည်။

ဂဝံထုတ်လုပ်ရာယဉ်ကျေးမှုဒေသ အဖြစ်သတ်မှတ်မည့်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ–တနင်္သာရီတိုင်းဒေသကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန)

လောင်းလုံးမြို့နယ်အတွင်း နာခံတောကျေးရွာ၊ ရပ်ခံတောင်အနီး၌ ဂဝံထုတ်သည့်နေရာနှင့် မင်းရပ်ကျေးရွာ၊ မြင်သုံးမြင်တောင်တို့တွင် ဂဝံဗုဒ္ဓဆင်းတုတော်နှင့် ဂဝံရုပ်တု၊ သာဂရမြို့ဟောင်း၊ ဆင်ပုနစ်ရွာမှာ စေတီငယ်တို့အပြင် ဂဝံလက်ရာများအားတွေ့ရှိထားကြောင်းဆိုသည်။

ဂဝံထုတ်လုပ်ရာယဉ်ကျေးမှုဒေသအဖြစ် သတ်မှတ်မည့် မြေနေရာမှာ စုစုပေါင်း ၃ ဧကကျယ်ဝန်းကြောင်း၊ ယင်းမြေနေရာအားပိုင်ဆိုင်ထားသူ ဒေသခံတချို့မှ ယဉ်ကျေးမှုဒေသအဖြစ်အသုံးပြုရန် လှူဒါန်းထားကြောင်းသိရသည်။
“တိုင်းဒေသကြီးအစိုးရ ခွင့်ပြုပြီးတာနဲ့ ကျွန်တော်တို့ ဌာနအနေနဲ့ ခြံစည်းရိုးခတ်တာတွေ၊ ထိန်းသိမ်းတာတွေကို စတင်ဆောင်ရွက်တော့မှာပါ’’ ဟု ၎င်းကဆက်ပြောသည်။

ဂဝံကို ရုပ်တုရုပ်ကြွများအား ထုလုပ်နိုင်သောကြောင့် ဂဝံထွက်ရှိရာအရပ်ဒေသတွေမှာ ဂဝံယဉ်ကျေးမှု ထွန်းကားခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ တတိယမြောက် ဂဝံထုတ်လုပ်လုပ်ရာ ယဉ်ကျေးမှုဒေသအဖြစ် သတ်မှတ်ရန် တင်ပြရခြင်းဖြစ်ကြောင်းဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.