Connect with us

Culture & Entertainment

သရေခေတ္တရာနန်းတော်ရာအား မြေသားစမ်းသပ်စဉ် အုတ်တန်းများ ထပ်မံတွေ့ရှိသဖြင့် သုတေသနပြုခြင်းများ ဆက်လက်ဆောင်ရွက်မည်

ပျူမြို့ဟောင်းရှိ သရေခေတ္တရာနန်းတော်ရာအား မြေလွှာစမ်းသပ်မှုများပြုလုပ်စဉ် (သရေခေတ္တရာဌာနစု ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်းရှိ သရေခေတ္တရာနန်းတော်ရာ အား မြေလွှာစမ်းသပ်မှုများပြုလုပ်စဉ်ကျင်းအမှတ် ၂ တွင် သဘာဝမြေလွှာမတွေ့ရှိရဘဲ အုတ်လွှာအထပ်၄လွှာခန့်တွင် အုတ်တန်းများ ထပ်မံတွေ့ရှိရသောကြောင့် ယင်းတွေ့ရှိရသည့်အုတ်တန်းများသည် သရေခေတ္တရာထက် စောသည့်ခေတ်တစ်ခု ရှိခဲ့ခြင်းရှိမရှိ သိနိုင်ရန် ဆက်လက်၍ သုတေသနပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သရေခေတ္တရာဌာနစု ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း က ဆင်ဟွာသို့ ဇန်နဝါရီ ၂၁ ရက်တွင်ပြောသည်။

ဦးကျော်မျိုးဝင်းက “ကျွန်တော်တို့က မြေလွှာစမ်းသပ်မှုတွေ ကိုဆောင်ရွက်တဲ့အခါမှာ စံသတ်မှတ်ချက်တွေရှိတယ်။အဲဒီလို စံအမှတ်သတ်မှတ်ပြီး တူးလိုက်တဲ့အခါမှာ အခုရှိနေတဲ့ နန်းမြို့ရိုးက ဥပမာ စံအမှတ် ၁၀၀ စင်တီမီတာမှာပြီးတယ်။ ၁၀၀စင်တီမီတာ အတွင်းမှာပဲ နန်းမြို့ရိုးကြီးကို တည်ဆောက်ထားတာပေ့ါ။ ဆက်ပြီးတော့ တူးတဲ့အခါ ပြင်ထားတဲ့ သဘာဝမြေကို ကို ရောက်တယ်။ ကျွန်တော်တို့က အဲဒီမှာ မရပ်ဘဲ ကျင်းအမှတ် ၂ ကို ဆက်တူးတော့ ၁၀၀ စင်တီမီတာကိုကျော်ပြီး အောက်ကို စင်တီမီတာ ၄၁၉ လောက်အရောက်မှာ အုတ်တန်းတွေ ပြန်တွေ့တယ်။ ၄၁၉ စင်တီမီတာလောက်မှာ ပြန်တွေ့တဲ့ အုတ်တန်းက အုတ်တွေက ၁၀၀ စင်တီမီတာမှာတွေ့ခဲ့တဲ့ အုတ်တွေနဲ့ အရွယ်အစားမတူဘူး။ အုတ်စီစနစ်လည်းမတူဘူး။ ဒါကြောင့် နောက်ထပ် Phase တစ်ခု ရှိနေမှာသေချာတယ်။ ဒါကြောင့် သုတေသနဆက်လုပ်သွားမှာဖြစ်တယ်။ အစောပိုင်းကာလ ဘယ်လောက်မှာရှိသလဲဆိုတာ အဲဒီLevel မှာ ရှိနေတဲ့ အုတ်တွေ၊ အိုးခြမ်းကွဲတွေကို အပေါ်မှာတွေခဲ့တဲ့ အုတ်တွေနဲ့ နှိုင်းယှဉ်ပြီး သုတေသန ပြုရမှာဖြစ်တယ်။ အဲဒါတွေ သုတေသနပြုပြီးရင် အစောပိုင်းခေတ်တစ်ခုရှိမရှိ ကိုပြောလို့ရပါပြီ’’ ဟုပြောသည်။

ပျူမြို့ဟောင်းရှိ သရေခေတ္တရာနန်းတော်ရာ အား မြေလွှာစမ်းသပ်မှုများပြုလုပ်စဉ် (သရေခေတ္တရာဌာနစု ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ)

ယင်းတွေ့ရှိမှုသည် မြေလွှာစမ်းသပ်မှုများပြုလုပ်စဥ် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။ သရေခေတ္တရာနန်းတော်ရာတစ်ခုလုံးသည် ၄၄ ဧက ကျယ်ဝန်း၍ သရေခေတ္တရာမြို့ကြီးတစ်ခုလုံးသည် ၈မိုင်၅ဖာလုံကျယ်ဝန်းကြောင်းသိရသည်။

“ဖေဖော်ဝါရီလမှာ တွေ့ရှိတဲ့ နေရာကိုကျွန်တော်တို့ဆက်တူးမယ်။ သုတေသနပြုလုပ်မှုတွေ ဆက်လုပ်မယ်။’’ ဟု၎င်းကဆက်ပြောသည်။သရေခေတ္တရာ၏ နန်းတော်ရာ၏ ၄၄ဧက အကျယ် အဝန်းတစ်ခုလုံးကို အုတ်အဆောက်အအုံများအပြည့်တည်ဆောက်ထားခဲ့ပုံရကြောင်း၊ နန်းမြို့ရိုးတွင်အသုံးပြုထားသည့် အုတ်ချပ် အရွယ်အစားများကို လေ့လာရာတွင် အရွယ်အစား ၃မျိုးရှိကြောင်း၊ အကြီးဆုံး အုတ်ချပ်အရွယ်အစားအနေဖြင့် အလျား၁၈လက်မ၊အနံ ၉လက်မ၊ ထု ၃လက်မ၊ ဒုတိယအကြီးဆုံးအုတ်ချပ်အရွယ်အစားအနေဖြင့် အလျား ၁၄လက်မ၊အနံ ၇လက်မ၊ထု ၂လက်မခွဲဖြစ်ပြီး အသေးဆုံးအုတ်ချပ်အရွယ်အစားမှာ အလျား ၁၂လက်မ၊အနံ၆လက်မ၊ထု ၂လက်မ ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.