Connect with us

Culture & Entertainment

မျိုးဆက်သစ် အမျိုးသမီးရုပ်သေး ပညာရှင် တစ်ဦး၏ ဆယ်နှစ်ကျော်ကြာ ဘဝ ခရီး နေ့ရက်များ 

မသက်သက်ထွေးဦး၏ ရုပ်သေးရုပ် ကြိုးဆွဲ ကပြဖျော်ဖြေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) 

ရန်ကုန်မြို့၌ နေထိုင်လျက် ရှိသော အသက် ၂၂ နှစ် အရွယ်ရှိ လူငယ် ရုပ်သေး ပညာရှင် မသက်သက်ထွေးဦး သည် ငယ်စဉ် ကလေးဘဝကတည်းက ရုပ်သေးရုပ်များနှင့် ရင်းနှီးကျွမ်းဝင် နေသူ တစ်ဦး ဖြစ်သည်။

မသက်သက်ထွေးဦး အသက် ကိုးနှစ် အရွယ်တွင် သူ၏ မိသားစုသည် ရုပ်သေး ဖျော်ဖြေ တင်ဆက်သည့် ကဇာတ်ရုံငယ် တစ်ခုကို တည်ထောင်ခဲ့ပြီး ချိန်မှ စတင်ကာ ရုပ်သေးရုပ်များသည် ၎င်း၏ ဘဝတွင် အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့သည်ဟု ဆိုသည်။မသက်သက်ထွေးဦးတို့ မောင်နှမ နှစ်ဦး၏ ငယ်စဉ် ကလေးဘဝ နေ့ရက်များမှာ ၎င်းတို့ ဖခင် ဖြစ်သူ၏ အဖွဲ့ဝင်များ ဖျော်ဖြေ တင်ဆက်ကြသည့် ရုပ်သေး ကပွဲများရှိ ပရိသတ် ထိုင်ခုံများပေါ်တွင်သာ အများဆုံး အချိန်ကုန်ခဲ့ကြသည်ဟု ဆိုသည်။

ထွေးဦး မြန်မာရုပ်သေးအဖွဲ့ (HTWE OO MYANMAR puppetry HOME )ရှိ ရုပ်သေးရုပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

၎င်းတို့၏ မိသားစုပိုင် ရုပ်သေးဇာတ်ရုံ ဖြစ်သည့် ထွေးဦး မြန်မာရုပ်သေးအဖွဲ့ (HTWE OO MYANMAR puppetry HOME ) ကို တည်ထောင်ပြီး မကြာမီမှာပင် မောင်နှစ်မ နှစ်ဦးလုံးသည် ရုပ်သေးရုပ်ကို ကျွမ်းကျင်စွာ ကပြ တင်ဆက် နိုင်ရန် လေ့လာ သင်ယူ ခဲ့ကြ သည်ဟု ဆို၏မသက်သက်ထွေးဦး၏ ပထမဆုံးသော လက်ဦးဆရာမှာ ကွယ်လွန် သွားခဲ့ပြီ ဖြစ်သော ဝါရင့် ရုပ်သေး ပညာရှင် ဦးမောင်ကြည် ဟု ဆိုခဲ့ပြီး သူ့အနေဖြင့် ပထမဆုံး ပရိသတ်များ ရှေ့မှောက်တွင် ဖျော်ဖြေ တင်ဆက်မှုတွင် စိတ်တည်ငြိမ်အောင် ခက်ခက်ခဲခဲ ကြိုးစား တင်ဆက် ကပြခဲ့ရသည်ဟု ဆို၏

“ပထမ စပြီး ကဖြစ်တာက အပြင်ပွဲ တစ်ခုမှာပါ။ မိသားစုရုံမှာ မဟုတ်ဘူး။ အဲဒီတုန်းက စင်ကို ကြောက်တဲ့စိတ်လဲ ရှိတယ်။လူအများကြီးရှေ့ကို မထွက်ရဲဘူး။တကယ် ထွက်ပြီး ကပြတော့ ပရိတ်သတ်ကို မကြည့်ဖြစ်ဘဲနဲ့ ရုပ်သေးရုပ်ကိုပဲ ကြည့်ပြီး ကသွားခဲ့တာ။ပြီးတာနဲ့ မြန်မြန် စင်နောက်ကို ပြန်ဝင်ပြေးတော့တာပါပဲ။”ဟု မသက်သက်ထွေးဦးက ရယ်ရယ်မောမောဖြင့် သူ၏ ပထမဆုံး အတွေ့အကြုံကို ဆင်ဟွာသို့ ပြောပြခဲ့သည်။

မသက်သက်ထွေးဦးကို ရုပ်သေးရုပ်များနှင့် အတူ တွေ့ရစဉ်(ဆင်ဟွာ)

မသက်သက်ထွေးဦးသည် အသက် ၁၃ နှစ် အရွယ်တွင် ရုပ်သေး ပညာရှင်များ ပါဝင်သည့် ဖခင်၏  ရုပ်သေးအဖွဲ့ နေ့စဉ် ဖျော်ဖြေ တင်ဆက်မှုများတွင် မိသားစုဝင်များ နှင့် အတူ ဖျော်ဖြေ တင်ဆက်ခွင့် ရရှိခဲ့သည်ဟု ဆို၏ကြိုးဆွဲ ရုပ်သေးရုပ်များ အနက် အပျိုတော် ရုပ်သေးရုပ်မှာ သူ့အတွက် အမှတ်တရ များစွာ ရှိခဲ့ပြီး စတင် လေ့ကျင့်ချိန် ကတည်းက ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရသောကြောင့် အပျိုတော် ရုပ်သေးရုပ် မှာ တခြားသော ကြိုးဆွဲ ရုပ်သေးများထက် အကြိုက်နှစ်သက်ဆုံး ရုပ်သေးရုပ် တစ်ရုပ် ဖြစ်သည်ဟု ဆို၏ “အသက် ၁၀ နှစ် သမီးလောက်တုန်းက ခန္ဓာကိုယ်က အပျိုတော် ရုပ်သေးရုပ်နဲ့ အရွယ်အစားက မတိမ်း မယိမ်း လောက် ဖြစ်နေတော့ စသင်တုန်းက ရုပ်သေး အရုပ်ရဲ့ ကြိုးတွေကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။အရုပ်က အရမ်းလေးတဲ့ အတွက် ပစ်ချလိုက်ချင်တဲ့ စိတ်တွေတောင် ရှိခဲ့တယ်။”ဟု မသက်သက်ထွေးဦးက ငယ်စဉ်က ခက်ခဲခဲ့ရသည့် အချိန် တစ်ချို့ကို ပြောပြခဲ့သည်။

မသက်သက်ထွေးဦး၏ ရုပ်သေးရုပ် ကြိုးဆွဲ ကပြဖျော်ဖြေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

၎င်း၏ အတွေ့အကြုံများတွင် အသေးစား မတော်တဆမှု တစ်ချို့လည်း ရှိခဲ့ကာ “ရုပ်သေးကနေရင်းနဲ့ ကြိုးရှုပ်သွားတာမျိုး ၊ မထင်မှတ်ပဲ ကြိုးပြုတ်သွားတာ ၊ ကြိုးပြတ်သွားတာတို့ ရှိတယ်။အဲဒီ အချိန်ကျရင် မသိသာအောင် ထိန်းပြီး ကလိုက်ရတဲ့ အခါမျိုးတွေ ရှိပါတယ်။”ဟု သူမက ပြောပြခဲ့သည်။မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အနုပညာ တစ်ရပ် ဖြစ်သော ရုပ်သေး အကကို အသက် ၂၀ ကျော် ငယ်ရွယ်သူ အမျိုးသမီး တစ်ဦး အနေဖြင့် ဝါသနာ ကြီးစွာ လုပ်ကိုင်နေသဖြင့် အပေါင်းအသင်းများက သူ၏ စိတ်အားထက်သန်မှုကို လေးစား အားကျ နေကြသည်ဟု ဆိုသည်။

“ညီမတို့ နိုင်ငံမှာ ရုပ်သေး ပညာရပ် အထူးပြု သင်ကြားတဲ့ တက္ကသိုလ် ရှိပါတယ်။ဒါပေမယ့် ညီမတို့ နိုင်ငံမှာက ရုပ်သေး ပညာ အထူးပြု ဘွဲ့ရပြီးသူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းက များများစားစား မရှိတော့ ရှင်သန် ရပ်တည်ဖို့ အတွက် ခက်ခဲပါတယ်။”ဟု ၎င်းက ဆိုသည်။မသက်သက်ထွေးဦး အတွက်မှာ သူ၏ မိသားစုက ရုပ်သေးပညာရပ်ဖြင့် လုပ်ကိုင်နေသူများ ဖြစ်ကြသဖြင့် နေအိမ် နှင့် ပြည်ပ နိုင်ငံရှိ ဇာတ်စင်များတွင် ဖျော်ဖြေ တင်ဆက်ရန် အခွင့်အလမ်းများ ရှိနေသော်လည်း ပြင်ပတွင် ရုပ်သေး ပညာရှင်များ အတွက် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ စိန်ခေါ်မှု များစွာ ရှိနေသောကြောင့် မြန်မာနိုင်ငံ၌ ရုပ်သေး ပညာရှင် အများအပြား မရှိကြတော့ခြင်း ဖြစ်သည်ဟု သူက ထောက်ပြခဲ့သည်။

မသက်သက်ထွေးဦး၏ ရုပ်သေးရုပ် ကြိုးဆွဲ ကပြဖျော်ဖြေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မသက်သက်ထွေးဦးသည် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်၌ တေးဂီတ အဓိက ဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားနေစဉ် တက္ကသိုလ် ကျောင်းသူ ဘဝကို ပညာသင်နှစ် ဒုတိယနှစ်တွင် စွန့်လွှတ် ခဲ့ကြောင်းလည်း သိရသည်။“ဒုတိယနှစ်မှာ ရုပ်သေး အက ကပြဖို့ အတွက် ခရီးတွေ သွားရတဲ့ အတွက်ကြောင့် ရန်ကုန် တက္ကသိုလ်မှာ အင်္ဂလိပ်စာ ဘာသာရပ် အထူးပြုနဲ့ အဝေးသင် တက်ခဲ့တာ အခု ဘွဲ့ရပြီးသွားပါပြီ။”ဟု မသက်သက်ထွေးဦးက ပြောသည်။

မသက်သက်ထွေးဦး၏ ပထမဆုံး ပြည်ပတွင် သွားရောက် ဖျော်ဖြေခဲ့သော ပွဲဦးထွက် ခရီးစဉ်မှာ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် Harmony World ရုပ်သေး ပွဲတော်တွင် ဖြစ်ပြီး ယင်းနောက်ပိုင်းနှစ်များတွင် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် နိုင်ငံရပ်ခြားသို့ မိသားစုဝင်များနှင့် အတူ သွားရောက် ဖျော်ဖြေရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်ဟု ဆို၏လတ်တလော နိုင်ငံခြား ခရီးစဉ်များ အဖြစ် ၎င်း၏ မိသားစုဝင်များ နှင့် အတူ ပြီးခဲ့သောလက တရုတ် နိုင်ငံ မကာအို၌ ကျင်းပခဲ့သည့် Macao International Parade သို့ သွားရောက်ခဲ့ခြင်းပင် ဖြစ်သည်။သက်သက်ထွေးဦးသည် ရုပ်သေးနှင့် ဆက်စပ်သော ပညာရပ်များကို ဆည်းပူးရန် အမြဲ စိတ်အား ထက်သန်ခဲ့သည်။ “လူတွေ နှစ်သက် စိတ်ဝင်စားတဲ့ ရုပ်သေးရုပ်လေးတွေကို ကိုယ်တိုင် ဖန်တီးဖို့ ကျွန်မ အမြဲတမ်း အိပ်မက် မက်ခဲ့ပါတယ်။”ဟု သူမ၏ စိတ်ကူးစိတ်သန်းကို ပြောပြခဲ့သည်။

မသက်သက်ထွေးဦးကို ရုပ်သေးရုပ်များနှင့် အတူ တွေ့ရစဉ်(ဆင်ဟွာ)

“မြန်မာနိုင်ငံမှာ ရှိတဲ့ ဂျာမနီ နိုင်ငံရဲ့ ယဉ်ကျေးမှု စင်တာ တစ်ခု ဖြစ်တဲ့ Goethe-Institut မှာ မကြာသေးမီက လုပ်တဲ့ ရုပ်သေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ကျွန်မတို့ မောင်နှစ်မ နှစ်ယောက် တက်ရောက်ခဲ့ပါတယ်။အဲဒီပွဲမှာ ရုပ်သေးရုပ် တစ်ခုကို ကိုယ်တိုင် စိတ်ကူးစိတ်သန်းနဲ့ ဖန်တီး ပြုလုပ်ခဲ့ပါတယ်။”ဟု ၎င်းက ပြောသည်။

“သူတို့က အမြင်နဲ့ သင်ထားတယ်။ပြီးတော့ မောင်နှစ်မ နှစ်ယောက် အတူတူ ဆော့ကြတယ်။ကကြတယ်။ အဲဒီလိုကနေရင်း  တစ်ခန်း ၊ နှစ်ခန်း စသုံးလာတယ်။သေချာ သင်ပြီးမှ ရင်ထဲမှာ ပိုးလေး ပါလာတယ်။စတုန်းကတော့ အပျော်သဘောကနေ ဝင်ဆွဲ ဖြစ်သွားကြတာ ။ နိုင်ငံတကာကို သွားရင်လဲ သူတို့ကိုပါ ခေါ်သွားတယ်။တက်ကျိုးလို့ လက်ထိုးလှော်ရင်းနဲ့ လက်ကလေး တွေက တက်လေးတွေ ဖြစ်သွားရော။မျိုးဆက်သစ်လေးတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်တွဲ ခေါ်ကြတယ်။ အားပေးကြတယ်။”ဟု မသက်သက်ထွေးဦး၏ ဖခင် ဖြစ်သူ ထွေးဦး မြန်မာရုပ်သေးအဖွဲ့ (HTWE OO MYANMAR puppetry HOME ) ကို တည်ထောင်သူ ဦးခင်မောင်ထွေးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ထွေးဦး မြန်မာရုပ်သေးအဖွဲ့ (HTWE OO MYANMAR puppetry HOME )ရှိ ရုပ်သေးရုပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ထွေးဦး မြန်မာရုပ်သေးအဖွဲ့ (HTWE OO MYANMAR puppetry HOME )ရှိ ရုပ်သေးရုပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

“ဦးထွေးရဲ့အိပ်မက်က မြန်မာ့ ရိုးရာ ရုပ်သေး အဆင့်ကနေ ခေတ်ပေါ် ရုပ်သေး အဆင့် အထိ Puppetry Home ကနေ Puppetry Center အထိ ဖြစ်လာဖို့က သူတို့ပေါ်မှာ မူတည်ပါတယ်။ဒီနေ့ အထိ ရပ်တည်နိုင်တာ သူတို့ကြောင့်လဲ ပါတယ်။သူတို့ အိပ်မက် အတွက်ရော ၊ ဦးအိပ်မက် အတွက်ရော ပံ့ပိုးပေးဖို့ ရှိတယ်။”ဟု မသက်သက်ထွေးဦး၏ ဖခင်က ဆက်လက် ပြောကြားခဲ့သည်။

တခြားသော ပြည်ပ ရုပ်သေး ပညာရှင်များ၏ ဖန်တီးမှုများသည် သက်သက်ထွေးဦးကို စိတ်အား တက်ကြွစေခဲ့ပြီး “ကျွန်မကတော့ ဗီယမ်နမ် ရုပ်သေး အနုပညာက စိတ်ကူး ဖန်တီးမှုတွေ ဆန်းသစ်တဲ့ အတွက်ကြောင့် ကြိုက် နှစ်သက် ပါတယ်။လူတွေ ကြည့်ချင်တဲ့ ပျင်းဖို့ မကောင်းတဲ့ ရုပ်သေး အနုပညာကို ဖန်တီးချင်ပါတယ်။”ဟု ၎င်းက ဆိုသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.