Connect with us

Culture & Entertainment

ပျူခေတ်ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ခါချဉ်ကုန်းတောင်အား သုတေသနပြုလုပ်ရန်ကွင်းဆင်းစစ်ဆေး

(၁)ခါချဉ်ကုန်းတောင်တွင် ကွင်းဆင်းလေ့လာမှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပျူခေတ်ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ခါချဉ်ကုန်းတောင်အား သုတေသနပြုလုပ်ရန် ယနေ့ ဇန်နဝါရီ ၂၉ ရက်တွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၉ ရက်တွင်ပြောသည်။

“သံခေတ်လို့ ယူဆရတဲ့ ကျောက်လက်နက်ပစ္စည်းတွေကို ကျွန်တော်တို့ဌာနက ဇန်နဝါရီ ၂၈ ရက်က ကျွန်းလှမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ လက်ခံခဲ့ပါတယ်။ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ခါချဉ်ကုန်း တောင်ကုန်းတစ်ဝိုက်ကို ကွင်းဆင်းပါတယ်။ သံခေတ်လို့ ယူဆရတဲ့ လက်နက်တွေ ဘယ်လိုတွေ့ရှိခဲ့သလဲ ဆိုတာကို ကျေးရွာဒေသခံတွေ နဲ့ ကျွန်တော်တို့ ကွင်းဆင်းခဲ့တာပါ’’ ဟု ဦးတင်မောင်ထွေးကပြောသည်။

(၁)ခါချဉ်ကုန်းတောင်တွင် ကွင်းဆင်းလေ့လာမှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ– စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)
ခါချဉ်ကုန်းတောင်မှ တွေ့ရှိခဲ့သည့် ပစ္စည်းများမှာ ရွှေစ၊ ပုတီးစေ့ဆိုဒ်စုံ၊ သန်လျက်၊ကတ်ကြေး၊ သံချောင်း၊ လက်ကိုင်ကွင်းပါဓား၊ ရဲတင်း၊ တူးရွင်းနှင့် ငွေပြားတို့ဖြစ်ကြောင်းဆိုသည်။

“ဒေသခံတွေ က ရွှေကျင်ရာကနေ ပုတီးစေ့လေးတွေ တွေ့တယ်ဆိုပြီး ချာချဉ်ကုန်းတောင်တစ်ဝိုက်မှာ ဝင်ရောက်ရှာဖွေပြီး သံခေတ်ဆိုင်ရာရော၊ ပျူခေတ်ဆိုင်ရာရောရှေးဟောင်းပစ္စည်းတွေ တွေ့ရှိခဲ့တယ်။ ဒါကြောင့် ဒီနေရာဟာ ရှေးဟောင်းနယ်မြေဟုတ်မဟုတ် သုတေသနပြုလုပ်၍ ဦးစီးဌာနသို့ ဆက်လက်တင်ပြသွားမှာပါ။’’ ဟု ၎င်းကဆက်ပြောသည်။

ဒေသခံများ အပ်နှံသည့်ရှေးဟောင်းပစ္စည်းများ အား သက်ဆိုင်ရာပညာရှင်များ၏ ဆုံးဖြတ်ချက်နှင့်အညီ ဆုကြေးများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)