Connect with us

Culture & Entertainment

ရန်ကုန်မြို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို မဟာဗန္ဓုလပန်းခြံ၌ ကျင်းပမည်

မြို့တော်ခန်းမ တွင် မီးများဖြင့် အလှဆင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) 

ရန်ကုန်မြို့ တွင် သီတင်းကျွတ်မီးထွန်း ပွဲတော်ကို မဟာဗန္ဓုလပန်းခြံအတွင်း ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလသည် အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်၍ ပြည်သူများ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံနှင့် ကားပါကင်ဧရိယာများတွင် မီးလုံးများနှင့် မီးအလှဆင်ခြင်း လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ ဦးဆောင်မှု ဖြင့် BMB Entertainment Co., Ltd မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၁၀ ရက်မှ ၁၄ ရက် အထိ ငါးရက်တိုင်ကျင်းပမည်ဖြစ်ပြီး မီးလုံးများ၊ မီးကြိုးများဖြင့် ပုံဖော် အလှဆင်ထားသော ရှမ်းအိုးစည်၊ ဇီးကွက်၊ ဆွမ်းအုပ်၊ ယုန်၊ ဆီမီးခွက်၊ ဒါန်း အစရှိသော မီးအလှအရုပ်ပေါင်း ၃၀ ခန့် ထွန်းညှိပြသမည်ဖြစ်သည်။ ထို့ပြင် သီတင်းကျွတ်လပြည့်နေ့တွင် စတုဒိသာအအေးများ တိုက်ကျွေးမည် ဖြစ်ပြီး ညပိုင်းတွင်လည်း အနုပညာ ရှင်များက ဖျော်ဖြေရေးအစီအစဉ်များ ဖြင့် တင်ဆက်မည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့တော်ခန်းမ အနီးရှိ ပလက်ဖောင်းတစ်လျှောက် တွင် YCDC စာလုံးကို မီးအလှဆင် ပုံဖော်၍ အရုပ်များဖြင့် အလှဆင်မည် ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua)