Connect with us

Culture & Entertainment

သက်တမ်း နှစ် ၁၀၀ ကျော်ရှိ ပြုပြင်ထိန်းသိမ်းပြီးသော အမွေအနှစ် အဆောက်အအုံအား အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ပြသ

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ သက်တမ်း နှစ် ၁၀၀ ကျော်ရှိသော ကိုလိုနီခေတ် အဆောက်အအုံအား တွေ့ရစဉ်(ဓာတ်ပုံ-YHT)

ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

သက်တမ်း နှစ် ၁၀၀ ကျော်ပြီဖြစ်သော ရန်ကုန်မြို့လယ် ကုန်သည်လမ်းပေါ်ရှိ အဆောက်အအုံ တစ်လုံးကို ရှေးဟောင်း အမွေအနှစ် အဖြစ် ပြုပြင်ထိန်းသိမ်းပြီးသော အမွေအနှစ်အဆောက်အအုံအဖြစ် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ‘Living Restoration’ အမည်ဖြင့် ယနေ့ဧပြီလ ၃၀ ရက်နေ့မှ စတင်၍ ဇူလိုင်လ ၃၁ ရက်နေ့ အထိ ပြသသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့ ကုန်သည်လမ်းပေါ်ရှိ အိမ်အမှတ် ၄၉၁-၅၀၁ အား ပြန်လည်ထိန်းသိမ်းပြုပြင်ပြီးစီးခြင်းနှင့် Living Restoration ပြပွဲဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ကျင်းပပြုလုပ်ခဲ့ရာတွင် အဆောက်အအုံအား ရှေးဟောင်း အမွေအနှစ် အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခြင်းကိုလည်း တစ်ပြိုင်နက် ပြုလုပ်ခဲ့သည်။

ပြပွဲကာလအတွင်း တနင်္လာနေ့မှ လွဲ၍ နေ့စဉ် ညနေ ၃ နာရီမှ ၇ နာရီအထိ ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ် ထားရှိမည် ဖြစ်ပြီး ထိုနေရာတွင် အများပြည်သူအတွက် ဟောပြောပွဲများ၊ ရုပ်ရှင်နှင့် ဓာတ်ပုံ ပြပွဲများနှင့် သရုပ်ပြပွဲများကို အပတ်စဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုအဆောက်အအုံသည် ၁၉၀၀ အစောပိုင်းနှစ်များအတွင်း တည်ဆောက်ခဲ့သည့် ကိုလိုနီခေတ် လက်ရာ အဆောက်အအုံ ဖြစ်ပြီး ထိုနေရာတွင် သတင်းစာ ဆရာကြီး လူထု စိန်ဝင်း ၂၀၁၂ ခုနှစ် အထိ နေထိုင်ခဲ့ရာ နေရာလည်း ဖြစ်သည်။

ထိုအဆောက်အအုံသည် ကျောက်တံတား မြို့နယ်တွင် တည်ရှိပြီး စီးပွားရေး လုပ်ငန်းများနှင့် လူနေအိမ်ခန်းများ ပါဝင်၍ လက်ရှိတွင် နေထိုင်သူ ၈၀ ဦးခန့်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လမှ စတင်၍ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နှင့် နိုင်ငံတကာ အင်န်ဂျီအိုတစ်ခုဖြစ်သော Turquoise Mountain တို့ ပူးပေါင်း၍ အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.