Connect with us

Education & Health

ပြည်သူများ စိုးရိမ်ကြောက်လန့်အောင် မမှန်သတင်းဖြန့်ဝေနေသည့် ကောလာဟလများကို မယုံကြည်ကြရန် အစိုးရ ပန်ကြား 

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးအသိပညာပေး ပိုစတာအား တွေ့ရစဉ်(ဓာတ်ပုံ - MOHS)

ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောက်လန့်အောင် မမှန်သတင်းဖြန့်ဝေနေသည့် ကောလာဟလများကို မယုံကြည်ကြရန် နိုင်ငံတော် သမ္မတရုံးက ပြည်သူသို့ ပန်ကြားချက်တစ်စောင်အား ယနေ့ ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သည့် ပြည်သူသို့ ပန်ကြားချက်တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) မဖြစ်ပွားစေရေး အတွက် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားသည့် သတိပေး နှိုးဆော်ချက်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်နှင့်မိမိ ပတ်ဝန်းကျင်တွင် သံသယလူနာ တွေ့ရှိပါက ခရိုင် ၊ မြို့နယ် ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပို့ အသိပေး ဆောင်ရွက်သွားကြရန် အလေးအနက် ပန်ကြားထားသည်။

ထို့အတူ ဇန်နဝါရီ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သော Coronavirus Disease 2019 (COVID 19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး ဗဟိုကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သော အမျိုးသားအဆင့် ဗဟိုကော်မတီ အဖြစ် ယနေ့တွင် တိုးမြှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ပြည်သူများ အနေဖြင့် အစိုးရိမ်လွန် ကြောက်လန့်နေခြင်း မဖြစ်ကြဘဲ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး နည်းလမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် ယနေ့တွင် ပြည်သူများအား အသိပေး ပန်ကြားခဲ့သည်။

“ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုအကျိုးရှိထိရောက်သည်”ဟူသော အချက်ကို နောက်ခံထား၍ လည်းကောင်း ၊ မိမိတို့နိုင်ငံ၌ အချိန်မရွေး ရောဂါဝင်ရောက် ကူးစက်နိုင်သည်ဟု သဘောထား၍ လည်းကောင်း ကျန်းမာရေး ဝန်ကြီးဌာနသည် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အထူးအားစိုက်၍ ဆောင်ရွက်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။ 

ပညာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညှိနှိုင်းချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေသည့် စာစစ်ဌာနများ တွင် လိုက်နာဆောင်ရွက်ရန် အချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း ၊ အဆိုပါ COVID-19 ကြိုတင်ကာကွယ်ရေးအချက်များအား တက္ကသိုလ်ဝင် စာမေးပွဲ စတင်ကျင်းပသည့် မတ်လ ၁၁ ရက်မှ စ၍ စာစစ်ဌာနများတွင် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်က ဆန်စပါးဈေးကွက် အခြေအနေအား ယနေ့ထုတ်ပြန်ခဲ့ရာတွင်လည်း လတ်တလော အခြေအနေတွင် ပြည်တွင်းဖြန့်ဖြူးရောင်းချနေသည့် ကုန်သည်စက်ပိုင်များ ၊ ကုမ္ပဏီများ အနေဖြင့်လည်း ပစ္စည်းမှန် ၊ ဈေးနှုန်းမှန်စွာဖြင့် ရောင်းချဖြန့်ဖြူးပေးလျက် ရှိသဖြင့် စိုးရိမ်ပူပန်ရမည့် အခြေအနေ မဟုတ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ် အနေဖြင့် လတ်တလော အခြေအနေတွင် ပြည်တွင်းဆန်စပါး ဈေးကွက် တည်ငြိမ်စေရေး အတွက် နိုင်ငံတော် အစိုးရ ဌာနများနှင့်လည်းကောင်း ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖြစ်သည့် ဆန်စပါး ကုန်သည်များ ၊ ဆန်စက် လုပ်ငန်းရှင်များ ၊ ဆန်ဖြန့်ဖြူးရောင်းချသူများ ၊ ကုန်စည်ဒိုင်များ ၊ ပြည်ပတင်ပို့သည့် Exporters များနှင့်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းလျက် ရှိပြီး ပြည်တွင်း ဈေးကွက် အခြေအနေ တည်ငြိမ်စေရန် နှင့် ဖူလုံမှု ရှိစေရန် ဦးစားပေး၍ ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မတ် ၁၃ ရက် ၊ နေ့လည် ၂ နာရီ အချိန်ထိ COVID-19 ရောဂါ ဖြစ်ပွားသူ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ လုံးဝ မတွေ့ရှိရသေးကြောင်း ၊ ဓာတ်ခွဲစစ်ဆေးခံရသူ အများစုသည် ရောဂါလက္ခဏာ ပြင်းထန်စွာ မပြဘဲ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက် အရ သိရသည်။ (Xinhua)