Connect with us

Education & Health

၂၀၁၇ ခုနှစ်အကုန်တွင် တရုတ် -မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ၂၀ ကျော် ဆောက်လုပ် ပြီးစီးမည်ဟု တရုတ် သံအမတ် ပြော

တရုတ် - မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ် – မြန်မာ ချစ်ကြည်ရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ချစ်ကြည်ရေး ကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်းခြင်းကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် အကုန်တွင် ကျောင်းဆောင်သစ် နှစ်ဆယ်ကျော် ဆောက်လုပ် ပြီးစီးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က ယနေ့ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အားပေးကူညီဖို့ ယမန်နှစ်က စပြီး တရုတ်သံရုံးနဲ့ မြန်မာနိုင်ငံ အစိုးရတို့ပူးပေါင်းကာ မြန်မာနိုင်ငံ ဒေသ အနှံ့အပြားတွင် တရုတ်- မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ်များ ဆက်တိုက် ဆိုသလို တည်ဆောက်ခဲ့ပါတယ်၊ အထက (၁၄) နေပြည်တော်ကတော့ ငါးခုမြောက် ကျောင်းဆောင်ပဲ ဖြစ်ပါတယ်၊ ၂၀၁၇ ခုနှစ်အကုန်မှာ ကျောင်းဆောင် ၂၀ ကျော်ခန့် ဆောက်လုပ်ပြီးစီး အသုံးပြုနိုင်မယ်လို့ ခန့်မှန်းရပြီး တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်များ ကွန်ယက် ကြီးမားလာ ကာ ထောင်ပေါင်းများစွာသော ကျောင်းသား ကျောင်းသူများကို တိုက်ရိုက် အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ယနေ့ နံနက်ပိုင်း ပြုလုပ်သည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက (၁၄) ၏ တရုတ် – မြန်မာ ချစ်ကြည် ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်းနှင့် ပညာရေးဝန်ကြီးဌာနသို့လွှဲပြောင်း အပ်နှံသည့် အခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက (၁၄) ၏ တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ကျေးဇူးတင် စကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက (၁၄) ၏ တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် ပြောကြားနေစဉ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက (၁၄) ၏ တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက (၁၄) ၏ တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ – တရုတ် ပူးပေါင်း ကူညီ ဆက်ဆံရေး ဗဟို အသင်း Senior President ဦးသစ္စာက ကျောင်းအုပ်ကြီးထံ စာရေးကိရိယာများ လှူဒါန်းစဉ် (ဆင်ဟွာ)

ကျောင်းသား ကျောင်းသူများက တရုတ် – မြန်မာ ချစ်ကြည်ရေး သီချင်းဖြင့် ဖျော်ဖြေနေကြစဉ် (ဆင်ဟွာ)

ထို့အပြင် သံအမတ်ကြီးက “စာသင်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခြင်းအပြင် တရုတ် – မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု ထောက်ပံ့ငွေ ကိုလည်း ထူထောင်ထားပါတယ်၊ နောက်တစ်ဆင့်အနေနဲ့ သံရုံးက အထက (၁၄ ) နေပြည်တော်မှ ပညာရည် ထူးချွန်သော ချို့တဲ့နွမ်းပါးသော ကျောင်းသူ ကျောင်းသားများအား ပညာသင်ဆု ထောက်ပံ့ငွေ ပေးပြီး ပညာရေး ပြီးမြောက်အောင် အားပေးကူညီမှာ ဖြစ်ပါတယ်၊ အထက (၁၄) နေပြည်တော်က ထူးချွန်စွာ အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူများအား တရုတ်နိုင်ငံသို့ပညာတော်သင် သွားရောက်နိုင်ရန် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု ကိုလည်း ပေးအပ်မှာ ဖြစ်ပါတယ်” ဟုလည်း ပြောခဲ့သည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက (၁၄) ကျောင်းဝင်းအတွင်း စတုရန်းမီတာ ၄၅၀ ကျယ်ဝန်းသော ကျောင်းဆောင်သစ် စာသင်ခန်းနှင့် စတုရန်းမီတာ ၈၀၀ ကျယ်ဝန်းသော ခေတ်မီ ဘတ်စကက်ဘော ကစား ကွင်း အသစ်တို့ကို တရုတ်နိုင်ငံ သံရုံးက ကျပ်ငွေ သိန်း ၅၂၀၀ စိုက်ထုတ်ပြီး ဆောက်လုပ် လှူဒါန်းခြင်း၊ ဖွင့်လှစ်ခြင်းနှင့် ပညာရေးဝန်ကြီးဌာနသို့လွှဲပြောင်း အပ်နှံသည့် အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် သက်ဆိုင်ရာ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီဝင်များ၊ မြန်မာ – တရုတ် ပူးပေါင်း ကူညီ ဆက်ဆံရေး ဗဟို အသင်း Senior President ဦးသစ္စာတို့ တက်ရောက်ခဲ့ကြပြီး ပညာရေးဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

“မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာ ကျောင်းပေါင်း ၄၆၀၀၆ ကျောင်းရှိပါတယ်၊ အဲဒီကျောင်းတွေမှာ အမှုထမ်း နေတဲ့ ဆရာ ဆရာမတွေနဲ့အရာထမ်း အမှုထမ်း ၄၆၀,၀၀၀ ကျော် ရှိပါတယ်၊ ပညာသင်နေတဲ့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ကိုးသန်းနီးပါး (၈ ဒသမ ၉ သန်းကျော်) ရှိပါတယ်၊ ဒီလိုရှိတဲ့ အခါမှာ ပုဂ္ဂလိက ပညာရေး ကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေ မပါသေးပါဘူး၊ အဲဒီကျောင်းတွေပါပါမယ်ဆိုရင် ကျောင်းသား ကျောင်းသူ အရေအတွက်က ၉ ဒသမ ၅ သန်းကျော် ရှိပါတယ်၊ တစ်နိုင်ငံလုံးမှာ ကျေးရွာပေါင်း ခုနစ်သောင်းကျော် ရှိတဲ့ အထဲမှာ ကျေးရွာပေါင်း လေးသောင်းနီးပါးက ကျောင်းတွေ ရှိပါတယ်၊ ဒါကြောင့် ယခင် က ထက်တော့ ပညာသင်ယူမှု အခွင့်အလမ်းတွေ ပိုမိုရရှိပြီး အလယ်တန်းပညာရေး အထက်တန်းပညာရေး တွေကို ပိုမို သင်ယူနိုင်မယ့် အခွင့်အလမ်းတွေ ရရှိလာပြီး ကျောင်းသား ကျောင်းသူ ဦးရေ တိုးလာပါတယ်၊ ဒီလို တိုးလာတဲ့ အခါမှာ ပညာရေး အရည်အသွေး မြင့်မားဖို့အတွက် ကျောင်းသားစာသင်ခန်း အချိုး၊ ကျောင်းသား ဆရာ အချိုးနဲ့ လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ထောက်ကူ ပစ္စည်းတွေ၊ ပြီးရင် ကျွန်တော် တို ့ လိုအပ်တဲ့ သိပ္ပံခန်းတွေ၊ ဒါတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေပါတယ်၊ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ဝန်ကြီးဌာန အနေနဲ့ကတော့ တိုင်းဒေသကြီး ပြည်နယ် အားလုံးကိုရန်ပုံငွေအရ မျှတစွာနဲ့ခွဲဝေ ဆောင်ရွက် ပေးရပါတယ်၊ ယနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နဲ့တရုတ်မြန်မာ ချစ်ကြည်ရေး အသင်းတို့က ဆောက်လုပ်လှူ ဒါန်းခြင်းသည် ကျောင်းနေအရွယ် ကလေးတွေအတွက် သင်ယူမှု ဝန်းကျင်ကောင်း အတွက် အများကြီး အထောက်အကူ ပြုပါတယ်၊ ပညာရေး အရည်အသွေးမြင့်မားရေး အတွက် လည်း အများကြီး အထောက်အကူပြုပါတယ်၊ ယနေ့ ဆောက်လုပ်လှူဒါန်းတဲ့ စာသင်ခန်းနဲ့ အားကစားရုံသည် အင်မတန်မှ အသုံးဝင်ပါတယ်၊ ကျောင်းသား ကျောင်းသူတွေ အတွက်ရော ဆရာ ဆရာမတွေအတွက်ပါ သင်ယူရေး ဝန်းကျင်ကောင်းမှာ ပျော်ရွှင်စွာ သင်ယူနိုင်တဲ့အတွက် အားလုံးအတွက် တန်ဖိုးပိုမြင့်လာစေပါတယ်၊ ကျောင်သား ကျောင်းသူတွေရဲ့ အရည်အသွေးကို ပိုမို မြင့်မားအောင် ဆောင်ရွက် ပေးနိုင်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးတန်ဖိုး မြင့်မားလာရေးကို တစ်စိတ်တစ်ပိုင်း အထောက်အကူပြုတာဖြစ်လို့ ပညာရေး ဝန်ကြီးဌာနအနေနဲ့ အထူးပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းနဲ့ အထူးပဲ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း တင်ပြလိုပါတယ်” ဟု ပြောကြားခဲ့သည်။ (XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.