Connect with us

Education & Health

အိုမီခရွန်ဗီဇပြောင်းရောဂါပိုးများဖြစ်သော BA.4 နှင့် BA.5 တို့အား ပြည်ပမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများတွင် တွေ့ရှိရ

ရန်ကုန်မြို့၌ COVID-19 ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းနေသူတစ်ဦးအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ပြည်ပမှ ပြန်လာသောမြန်မာနိုင်ငံသားများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိရာ အိုမီခရွန်ဗီဇပြောင်းရောဂါပိုးများဖြစ်သော SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 ကို ဓာတ်ခွဲနမူနာ ၁ ခုတွင်လည်းကောင်း၊ BA.5 ကို ဓာတ်ခွဲနမူနာ ၅ ခုတွင်လည်းကောင်း တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး ကို တွေ့ရှိတယ်ဆိုပြီး ပြည်သူတွေ အရမ်းလည်း မကြောက်ပါနဲ့။ အရမ်းလည်းမပေါ့ပါနဲ့။ နှာခေါင်းစည်းတပ်၊ ခပ်ခွါခွါနေ၊ လက်ဆေးတာတွေလုပ်မယ်။ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံမယ်။ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမယ်ဆိုရင် ထိရာက်စွာ ကာကွယ်နိုင်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၂ ရက်တွင်ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) နှင့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့်လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လာသူများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး Omicron (အိုမီခရွန်) အပါအဝင် COVID-19 ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ COVID-19 ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် COVID-19 မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၁၆ ခုအား COVID-19 ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို ဆေးသုတေသနဦးစီးဌာန (Department of Medical Research) တွင် ဇွန် ၃၀ ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 ကို ဓာတ်ခွဲနမူနာ ၁ ခုတွင်လည်းကောင်း၊ BA.5 ကို ဓာတ်ခွဲနမူနာ ၅ ခုတွင်လည်းကောင်း တွေ့ရှိရကြောင်း၊ ၎င်းတို့သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 တွေ့ရှိသူများအားလုံးသည် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများဖြစ်သည်။ ၎င်းတို့အား COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေါက်တာသန်းနိုင်စိုးက “နိုင်ငံတကာမှာလည်း Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေက COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူတွေမှာ ရောဂါလက္ခဏာ ပြင်းထန် မှုနဲ့ သေဆုံးမှုတို့ လျော့နည်းတာတွေ့ရတယ်။ ဒါကြောင့် ပြည်သူတွေကို ကာကွယ်ဆေးထိုးကြဖို့ ၊ အကြိမ်ပြည့်ကာကွယ်ဆေးထိုးပြီးသူတွေကို ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံကြဖို့နဲ့ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်’’ ဟု ဖြည့်စွက်ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)